လိုင်ဇာအနီး တပ်စခန်းများသို့ လှုပ်ရှားလာသည့် စကစ စစ်ကြောင်းနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပြီး KIA က လက်နက်ကြီးဖြင့် ပစ်ခတ်
27 November 2023 – Kachinwaves
ကချင်လွတ်လပ်ရေးတပ် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ယနေ့မွန်းတည့် ၁၂ နာရီဝန်းကျင်က လက်နက်ကြီးပစ်ခတ်သံ သုံးကြိမ်ကြားခဲ့ရကြောင်း မြို့နေပြည်သူများထံမှ သိရသည်။
မိုးမောက်မြို့ဘက်မှ လဂျားယန်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်ဟု အဆိုပါသတင်းရင်းမြစ်က ဆိုသော်လည်း Kachinwaves အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
လိုင်ဇာကို သိမ်းမည်ဟုကြွေးကြော်ကာ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီနှင့် KIA တို့ မြစ်ကြီးနား – ဗန်းမော်လမ်းကြောတစ်လျှောက်တွင် ဇူလိုင်လမှစပြီး ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။
အောက်တိုဘာလ ပထမအပတ်အထိ သိသာသည့် စစ်ရေးရလဒ်ကို မတွေ့ရှိရသော်လည်း အောက်တိုဘာ ၉ ရက်နေ့ညတွင် မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ဖျက်အားပြင်းလက်နက်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် စစ်ရှောင်စခန်းမှ အရပ်သား ၂၉ ဦး သေဆုံးခဲ့သည်။
ထိုဖြစ်စဉ်ပြီးနောက်ပိုင်း KIA ဘက်မှ စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာပြီး အောက်တိုဘာ ၂၀ ရက်တွင် မိုးမောက်နှင့် ဝိုင်းမော်မြို့နယ်အစပ်ရှိ လိုင်လွမ်အောင်ဂျာစခန်းကုန်းကြီးနှင့် အောက်တိုဘာ ၃၁ ရက်နေ့တွင် ဂန်ဒေါင်ယန်စခန်းကုန်းတို့ကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ဂန်ဒေါင်ယန် စခန်းကုန်းကို KIA က သိမ်းပိုက်သည့်နေ့နှင့် နိုဝင်ဘာ ပထမအပတ်တွင် စစ်ကောင်စီက လိုင်ဇာမြို့အနီးသို့ လေကြောင်းဖြင့်ပစ်ခတ်ခဲ့ပြီး လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။