ကောလင်းမြို့တွင် သိမ်းဆည်းရရှိသည့် မြန်မာ့စီးပွားရေးဘဏ်၏ ငွေသားလက်ကျန်စာရင်းများကို နစ်နာဆုံးရှုံးမှု မရှိစေရန် စနစ်တကျ စီမံခန့်ခွဲလျက်ရှိကြောင်း NUG ထုတ်ပြန်
14 November 2023 – Kachinwaves
ကောလင်းမြို့သိမ်းတိုက်ပွဲအပြီး ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ ဘဏ္ဍာရေးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစီမံချက် (SOPs-Standard Operating Procedure) အတိုင်း စနစ်တကျလိုက်နာ ဆောင်ရွက်ကာ မြန်မာ့စီးပွားရေးဘဏ်၏ ငွေသားလက်ကျန် စာရင်းကို တင်ပြခဲ့ခြင်း ဖြစ်ေကြာင်း ပါရှိသည်။
“အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်အနေဖြင့် ကောလင်းခရိုင်၊ မြန်မာ့ စီးပွားရေးဘဏ်၏ ငွေသားလက်ကျန် လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတော်ပိုင် ဘဏ္ဍာငွေများနှင့် ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှု မရှိစေရန် စနစ်တကျ စီမံခန့်ခွဲလျက်ရှိကြောင်း အသိပေးကြေညာ အပ်ပါသည်။”ဟု ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ (၆) ရက်နေ့တွင် ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။