အိန္ဒိယ – မြန်မာနယ်စပ်တံတားတွင် ပထမဆုံး ချင်းအမျိုးသားအလံကို လွှင့်ထူ
14 November 2023 – Kachinwaves
အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ရိဒ်ခေါဒါမြို့ ဆက်သွယ်ထားသည့် နယ်စပ်ကုန်သွယ်ရေးတံတားတွင် ယနေ့နံနက် ချင်းအမျိုးသားအလံကို လွှင့်ထူလိုက်ကြောင်း သိရသည်။
“ရိဒ်ခေါဒါကနေသွားရင် ချောင်းပဲခြားတာလေ။ သံဘောင်ဘေလီတံတားပေါ့၊ ဟိုဘက်ဒီဘက် အိန္ဒိယနဲ့မြန်မာကြားပေါ့။ မြန်မာဘက်က စစ်တပ်တွေက ဝင်ပြေးသွားပြီဆိုတော့ အိန္ဒိယဘက်က အပေါက်ကိုရော ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းလိုက်ပြီလေ။ မြန်မာပြည်အလံကိုဖြုတ်ချပြီးမှ သူတို့က ချင်းအမျိုးသားအလံကို တပ်ဆင်ပြီး ထိန်းချုပ်လိုက်ပြီ။ ထိပ်ပေါက်ကို ထိန်းချုပ်တာ ပထမဆုံးလို့ ပြောလို့ရတယ်။ အဝင်အထွက်တွေကိုပါ စိစစ်ထိန်းချုပ်တာလို့ပြောတယ်” ဟု နယ်စပ်ဒေသကို ရောက်ရှိခဲ့ဖူးသူတစ်ဦးက ဆိုပါသည်။
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ အိန္ဒိယ – မြန်မာနယ်စပ် ရိဒ်ခေါဒါမြို့ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ဒုတိယမြောက်နေ့တွင် (ယမန်နေ့ ) စခန်းနှစ်ခုလုံးကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ထိုမြို့ကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNF)၊ ချင်းဒေသကာကွယ်ရေးတပ်နှင့် ထန်တလန် ချင်းကာကွယ်ရေးတပ်တို့ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စခန်းများမှ စစ်ကောင်စီဗိုလ်မှူးအဆင့်ရှိသူအပါအဝင် တပ်ဖွဲ့ဝင် ၇ ဦး အညံ့ခံခဲ့ပြီး အိန္ဒိယဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသူများလည်းရှိကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးသူများရှိပြီး သိမ်းပိုက်နိုင်ခဲ့သည့် တပ်စခန်းနှစ်ခုမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးချိန်မှစကာ စစ်ကိုင်း၊ ကရင်၊ ကရင်နီ၊ ရခိုင်နှင့် ချင်းဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များမှာလည်း ဟန်ချက်ညီညီဖြင့် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေခြင်းဖြစ်သည်။