ကြံခင်းကျေးရွာ၏ ရာအိမ်မှူး ဦးစိုးနိုင် ပစ်သတ်ခံရသလို စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားများ ထိခိုက်မှုရှိ
10 November 2023 – Kachinwaves
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကြေးနန်းရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တွင် ယမန်နေ့နံနက်ပိုင်းက ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။
စစ်ကောင်စီနှင့် ဆက်သွယ်မှုရှိသည့် ကြံခင်းကျေးရွာ၏ ရာအိမ်မှူးဦးစိုးနိုင်မှာ မန်ပုံ IDP camp အရှေ့ရှိ “ဦးထီး” လက်ဖက်ရည်ဆိုင်အတွင်း ပစ်သတ်ခံရသည်ဟု မျက်မြင်တွေ့သူထံမှ သိရှိရကြောင်း အမျိုးသားတစ်ဦးကပြောသည်။
“လက်ဖက်ရည်သောက်ရင်း ဆိုင်ထဲနထင်တေ့ ပစ်သွားတယ်လို့ သိရတယ်။ မျက်မြင်တွေ့ခဲ့သူက ပြောပြတာ။ မျက်မြင်တွေ့ခဲ့သူကလည်း ဖြစ်တာနဲ့ တခါတည်း ပြေးခဲ့တာဆိုတော့ သူမြင်ခဲ့တာလောက် ပြောပြတာပါ”
မည်သည့်အဖွဲ့အစည်းက ပစ်သတ်သည်ကိုမူ မသိရှိရသေးပါ။
နိုဝင်ဘာ ၇ ရက်နေ့က မိုးမောက်မြို့၊ အမှတ် (၄၃၇) ခမရတပ်ရင်းမှ ရမ်သမ်းပစ်ခတ်ခဲ့သည့် လက်နက်ကြီးမှာ ကြံခင်းရွာအတွင်းပေါက်ကွဲခဲ့ရာ ဒေသခံတစ်ဦး သေဆုံးခဲ့သည့်အတွက် စစ်တပ်နှင့်ညှိနှိုင်းမှု ပြုလုပ်ခဲ့သေးကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“အရင်ရက်အင်္ဂါနေ့ ညနေပိုင်းကလည်း မိုးမောက် ၄၃၇ တပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ မိုးမောက် ကြံခင်းရပ်ကွက်က ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရပြီး မိုးမောက်ဆေးရုံတင်ထားရင်းကနေ တစ်ဦးက ဆုံးသွားပြီတဲ့။”ဟု ပြောသည်။
ကြံခင်းကျေးရွာသည် အမှတ် (၄၃၇) မိုးမောက်စစ်တပ်အနီးတွင်ရှိပြီး ရှမ်းလူမျိုးအများစု နေထိုင်သည့်ရွာဖြစ်ကြောင်း သိရသည်။