စကစ နှင့် ပြည်သူ့စစ်များ ကင်းပုန်းဝပ်နေခြင်း၊ ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ မဝင်မနေရကြောင့် ဝိုင်းမော်ဒေသခံများ လုံခြုံမှုကင်းမဲ့လာ
10 November 2023- Kachinwaves
တိုက်ပွဲများနှင့် ပိုမိုနီးကပ်လာသည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့နှင့် ကားလမ်းမကြီးတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များ ကင်းပုန်းဝပ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ဝိုင်းမော်စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ယမန်နေ့ညကစပြီး ခြေလျင်၊ ဆိုင်ကယ်၊ ကား အိမ်စီးကားများဖြင့် ကင်းလှည့်နေသည့်အတွက် ဒေသခံများမှာ စိုးရိမ်နေရသည်ဟု ဝိုင်းမော်ရှိဆွေမျိုးနီးစပ်သူထံမှ ကြားသိရကြောင်း မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“အင်အားတိုးတာလား မသိဘူး။ စစ်သားတွေကင်းလှည့်နေတယ်တဲ့ အဲ့ဘက်ကလူငယ်တွေတောင်ကြောက်လို့ အခြားရှောင်ပုန်းအိပ်နေရတယ်”
မြို့အတွင်းရှိ သိမ်ကြီးစုရပ်ကွက်နှင့် သာဂရရပ်ကွက်တို့တွင် ကင်းပုန်းများချထားပြီး ယင်းရပ်ကွက်များကို ညပိုင်းတွင်ဖြတ်သန်းခွင့်ပိတ်ပင်ထားကြောင်း ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“သိမ်ကြီးစု၊ သာဂရဘက် ညဘက် ကင်းပုန်းဝပ်ပြီး အင်အားဖြည့်နေကြတယ်။ သိမ်ကြီးစုနဲ့ သာဂရလမ်း၊ ညနေ့ဘက် ဖြတ်လို့မရဘူး”
တိုက်ပွဲဖြစ်လာမည်စိုးရိမ်သောကြောင့် ဝိုင်းမော် – နမ်ဆန်ယန်လမ်းမကြီးဘေး၊ ဝိုင်းမော်စစ်တပ်အနီးရှိ ပန်းကုံးကျေးရွာမှ ဒေသခံများမှာလည်း ယမန်နေ့ကစပြီး ထွက်ပြေးတိမ်းရှောင်ကြပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒူးလေးပါတီဥက္ကဌဟောင်း ဦးရွှေမင်းမှ လီဆူလူမျိုးများ တစ်အိမ်တစ်ယောက် ပြည်သူ့စစ်အဖွဲ့သို့ မဝင်မနေရထုတ်ပြန်ချက် ထုတ်ထားရာ ဝိုင်းမော်မြို့အတွင်းမှ လူငယ်များသည်လည်း ထွက်ပြေးနေရကြောင်း ကြားသိရသည်။
ဇူလိုင်လမှ စတင်ပြီး မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွါးလာခဲ့ပြီး တိုက်ပွဲအရှိန်မှာ ဝိုင်းမော်မြို့နှင့်နီးကပ် ရောက်ရှိလာပြီဖြစ်သည်။
ဝိုင်းမော်မြို့အထွက်ဘက် ရွှေညောင်ပင်ရွာရှိ ခ.မ. ရ (၃၂၁) တပ်ရင်းတွင် စစ်ကောင်စီက စစ်လက်နက်နှင့် အင်အားဖြည့်တင်းမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်နေသည့် ဝိုင်းမော်မြို့အတွင်းမှ တရားရေးဝန်ထမ်းများမှာ ရုံးပိတ်သိမ်းပြီး နေရာပြောင်းရွှေ့ရန် ပြင်ဆင်နေကြသည်။
အလားတူ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာတွင်လည်း ညမထွက်ရအမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။