မြစ်ကြီးနားနှင့် ဝိုင်းမှော်မြို့ အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်၊ ဖမ်းဆီးခံနေရ
3 November 2023 – Kachinwaves
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF တပ်ဖွဲ့တို့က စစ်ကောင်စီဂိတ်၊ ယာဉ်တန်းများကို သွားရောက်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
နမ္မတီး – မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး၊ မြစ်ကြီးနားမြို့အဝင် အကြဲကျေးရွာနှင့် ၁၈ မိုင်ကျေးရွာအကြားတွင် ယနေ့ညနေ ၄ နာရီက ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မြစ်ကြီးနားမြို့ဒေသခံတစ်ဦးက ပြောသည်။
ယင်းလမ်းပိုင်း ကျွန်းခြံပိုင်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ခဲ့ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ၂၁ မိုင်စစ်ဆေးရေးဂိတ်တွင် ကားများခေတ္တရပ်နားခဲ့ရပြီး တစ်နာရီအကြာတွင် ပြန်လည်ထွက်ခွာခွင့်ရရှိကြောင်း သိရသည်။
ယနေ့မွန်းလွဲ ၂ နာရီတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဝန်းကျင် စီးနင်းလိုက်ပါလာပြီး မြစ်ဆုံ၊ တန်ဖရဲကျေးရွာဘက်မှ ဆင်းလာသော ကုန်တင်ကားနှစ်စီးကို လမုန်းဇွပ်ကျေးရွာအနီးတွင် KIA – KPDF တပ်ဖွဲ့က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ဆန်တင်တဲ့ကားတွေ ဟုတ်တယ်တဲ့။ ဆန်တင်ခဲ့တာတဲ့ စစ်သားတွေက။ ဆန်တင်ပြီးတော့ မြစ်ကြီးနားဘက်ကို သွားတာ။ လမ်းမှာမိုင်းဆွဲခံရတာ ၂ ကြိမ်တဲ့။ အိမ်က အမေကြားတာတော့ ၆ ကြိမ်လောက်ကြားတယ် ပြောတယ်။”
ထို့အပြင် မြစ်ကြီးနားနှင့် ထိစပ်နေသည့် ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ရှိ စုပေါင်းဂိတ်ကိုလည်း KIA ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
ဆဒုံး – ကန်ပိုင်တီ ကားလမ်းမပေါ်ရှိ စုပေါင်းစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီရဲနှင့် ဝန်ထမ်းအချို့ကို ဖမ်းဆီးသွားသည်ဟု သတင်းပေးပို့သူထံမှ သိရှိရသည်။
ယင်းဖြစ်စဉ်တွင် စစ်ကောင်စီ ရဲနှင့် ဝန်ထမ်းမည်မျှ ဖမ်းဆီးခံရပြီး ထိခိုက်မှုမည်မျှရှိသည်ကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
၂၀၂၃ ခုနှစ်အတွင်း ကချင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှု ပိုမိုပြင်းထန်လာပြီး မြစ်ကြီးနား – ဗန်းမော် လမ်းပိုင်း KIA ဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်စခန်းကြီး ၂ ခုကို KIA က အောက်တိုဘာလအတွင်း သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။