အခွန်ဆက်ကောက်နေလျှင် ပိုမိုပြင်းထန်သည့် အရေးယူမှုခံရမည်ဟု မိုးညှင်းအခွန်ရုံး သတိပေးခံရ
3 November 2023- Kachinwaves
စစ်ကောင်စီအုပ်ချုပ်မှုအောက်တွင် ပြည်သူများကို အခွန်ကောက်ခံနေသည့် မိုးညှင်းအခွန်ဦးစီးဌာနရုံးဝန်ထမ်းများကို ယနေ့နံနက် ၆ နာရီက အသံမိုင်းဖြင့် သတိပေးမှု ပြုလုပ်ခဲ့ကြောင်း မိုးညှင်း K-PDF က ထုတ်ပြန်ထားသည်။
နတ်ကြီးကုန်းရပ်ကွက်ရှိ အခွန်ဦးစီးရုံးတွင် အသံမိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မိုးညှင်းဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
“အခွန်ရုံးမှာ ပေါက်ကွဲတာ။ အသံမိုင်းပဲတဲ့၊ အခွန်အရမ်းကောက်လို့တဲ့။ သတိပေးတယ်ဆိုလား”
မိုင်းဖောက်ခွဲမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးညှင်း (K-PDF) တပ်ရင်းမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
တရားမဝင် အခွန်ကောက်ခံမှုအတွက် လုပ်ဆောင်ရခြင်းဖြစ်ပြီး အခွန်ကောက်ခံမှုကို ဆက်လက်လုပ်ဆောင်မည် ဆိုပါက ပိုမိုပြင်းထန်သည့် အရေးယူမှုများကို ပြုလုပ်သွားမယ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြီးခဲ့သည့်နှစ်ကလည်း မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ လျှပ်စစ်ရုံးတွင် K-PDF အဖွဲ့က အသံမိုင်းဖောက်ခွဲမှုနှစ်ကြိမ် ပြုလုပ်ခဲ့သည်။