TNLA နှင့် MDY PDF တို့ စခန်း ၃ ခုကို ထပ်မံသိမ်းနိုင်ခဲ့
1 November 2023- Kachinwaves
တအာန်းအမျိုးသားများလွတ်မြောက်ရေးတပ်မတော် (TNLA) သည် ယနေ့ ၁၀၂၇ စစ်ဆင်ရေး ၆ရက်မြောက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA ၏ သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
TNLA တပ်မဟာ (၁) နယ်မြေအတွင်းရှိ မူဆယ်-နမ့်ခမ်းမြို့အဝင်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်စွဲထားသည့် မန်ခမ်းတပ်စခန်းကို ယနေ့ မွန်းလွဲ ၃ နာရီအချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရှိ စစ်ကောင်စီနှင့်ပြည်သူ့စစ် ပူးပေါင်းတပ်စခန်းတစ်ခုကို ညနေ ၆ နာရီ အချိန်ခန့်တွင် ထပ်မံသိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
၎င်းအပြင် ကွတ်ခိုင်မြို့နယ်၊ မိုင်းယုကျေးရွာနှင့် နမ့်ဖတ်ကာကျေးရွာကြားရှိ စစ်ကောင်စီ၏ ရင်ကွဲတောင် တပ်စခန်းကို ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြင်ဦးလွင်မှ စစ်ကား (၂၂)စီးနှင့် သံချပ်ကာ ကားဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တပ်မဟာ (၂) နယ်မြေ၊ နောင်ချိုမြို့နယ်အတွင်းရှိ အုမ္မခါးကျေးရွားအနီးတွင် TNLA နှင့် မန္တလေး MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
၎င်းစစ်တန်းမှ လက်နက် (၆)လက် သိမ်းဆည်းရခဲ့ကြောင်းလည်း သံချပ်ကာ ကား (၁)စီးကိုလည်း ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်။
ထို့နောက်အဆိုပါ စစ်ကြောင်းသည် ပြင်ဦးလွင်ဘက်သို့ ပြန်လည်ဆုတ်ခွါသွားကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရသည့် အုမ္မခါးကျေးရွာနှင့် ဆမ်မဆယ် ကျေးရွာဘက်သို့ တိုက်လေယာဉ်ဖြင့် (၂)ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
===