စခန်းပေါင်း ၃၀ ကျော်သိမ်းပိုက်ပြီး ချင်းရွှေဟော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ကြောင်း MNDAA ပြော
28 October 2023 – Kachinwaves
MNDAA ကိုးကန့်တပ်နှင့် TNLA သည် နှစ်ရက်အတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့၏ တပ်စခန်းပေါင်း ၃၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်း ထုတ်ပြန်ထားကြသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်က “တစ်နေ့အတွင်း အာဏာသိမ်း စစ်ကောင်စီနှင့် ကိုးကန့်ရုပ်သေးအဖွဲ့တို့၏ တပ်စခန်းပေါင်း(၃၀)ကျော်ကို သိမ်းပိုက်ပြီး ချင်းရွှေဟော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့”ဟု ကိုးကန့် မီဒီယာကနေတဆင့် ထုတ်ပြန်ထားသည်။
TNLA ကလည်း တပ်မဟာ (၁) နှင့် (၆) စစ်ဒေသအတွင်း စစ်ကောင်စီတပ်၏ စခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲသတင်းများနှင့် ပတ်သက်၍ Kachinwaves အနေဖြင့် သီးခြားအတည် မပြုနိုင်ပါ။ စစ်ကောင်စီဘက်ကလည်း ယနေ့ ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲသတင်းများနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားသည်ကို မတွေ့ရသေးပါ။
ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့က ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ ဒေသကို ပိုမိုထိန်းချုပ်နိုင်ရေး၊ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် အချိန်မရွေး ပစ်ခတ်နနေမှုများကို ဟန့်တားနိုင်ရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေး၊ “Online Game (ကျဖင်)” ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်နိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် “၁၀၂၇ စစ်ဆင်ရေး” ကို အတူတကွ ဟန်ချက်ညီ ပူးပေါင်းဆင်နွှဲလိုက်ကြောင်း ယမန်နေ့ကပဲ ထုတ်ပြန်ခဲ့ပါသည်။