NUG၊ PDF နှင့် ဆက်သွယ်မှုရှိဆိုသည့် စွဲချက်ဖြင့် အင်းတော်စစ်ခုံရုံးမှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ပြစ်ဒဏ်ချ
25 October 2023 – Kachinwaves
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်တွင် အလုပ်လုပ်ဆောင်ခြင်း၊ PDF များနှင့် ဆက်သွယ်မှုရှိခြင်း စသည့်စွဲချက်များဖြင့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှ CDM ကျောင်းဆရာတစ်ဦးနှင့် အမျိုးသားတစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ပြီး အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။
အင်းတော်စစ်ခုံရုံးတွင် အောက်တိုဘာလ ၂၀ ရက်နေ့က CDM ကျောင်းဆရာ ကိုဟိန်းမင်းသူအပါအဝင် မဂျုံးဂျုံးကျော်ဇင်နှင့် ကိုဇော်မြင့်ထွန်းဆိုသူကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Fifty Two News တွင် ဖော်ပြထားသည်။
CDM အလယ်တန်းကျောင်းဆရာ ကိုဟိန်းမင်းသူကို ဇွန်လ ၅ ရက်နေ့က ၎င်း၏နေအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မဂျုံးဂျုံးကျော်ဇင်မှာ ဩဂုတ်လ ၁၁ ရက်နေ့က အင်းတော်မြို့အထွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“CDM ကျောင်းဆရာက သူ့မိန်းမမီးဖွားတဲ့အချိန် အဲ့ခါမှာဖမ်းခံလိုက်ရတာ။ မဂျုံးဂျုံးက ဂိတ်မှာဖမ်းခံလိုက်ရတာ။ အင်းတော်အထွက်လေ စကစ စစ်ဆေးရေးဂိတ်။ ကျန်တဲ့သူက စုံစမ်းဆဲ”
ကိုဇော်မြင့်ထွန်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) တစ်ဦးဖြစ်မည်ဟု ခန့်မှန်းရပြီး မည်သည့်နေ့ရက်က မည်ကဲ့သို့ ဖမ်းဆီးခံရသည်ကို မသိရှိရကြောင်း ဆိုသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွင် CDM ကျောင်းဆရာကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က)၊ ၅၂ (ခ) တို့ဖြင့် ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ကြောင်း၊ မဂျုံးဂျုံးကျော်ဇင်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ကြောင်းနှင့် ကိုဇော်မြင့်ထွန်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသော စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် ဖေဖော်ရီလကစပြီး စစ်ကောင်စီက စစ်ဆေးရေး ပိုမိုတင်းကြပ်စွာလုပ်ဆောင်လာပြီး အရပ်သားပြည်သူများ မကြာခဏ ဖမ်းဆီးခံရသည်။
ဖမ်းဆီးခံရသည့် အရပ်သားပြည်သူများကို စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်သည့်အပြင် ထောင်ဒဏ်တစ်သက်၊ တစ်သက်တစ်ကျွန်းနှင့် သေဒဏ်ချမှတ်ခံရသည့် အရပ်သားပြည်သူများလည်း ရှိသည်။