ဆန်အိတ်ပေါက်နေတယ် (သို့) ဖက်ဒရယ်တောင်းဆိုမှုကို “ဆင်အီးပေါက်နေတယ်”လို့ ကြားနေတုန်းလား
Opinion
22 October 2023 – Kachinwaves
ရှမ်းပြည်နယ် တောင်ကြီးညီလာခံမှာ “ပြည်ထောင်စုစစ်စစ်” သို့မဟုတ် “ဖက်ဒရယ်မူ” အရေး ပြည်နယ် ခေါင်းဆောင်များ၊ လူမျိုးစုခေါင်းဆောင်များ တင်ပြဆွေးနွေးခဲ့ကြစဉ်က ရှမ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မဟာသရေစည်သူဦးကြာပုမှ “ပြည်ထောင်စုစစ်စစ်မူ” လိုချင်တဲ့အကြောင်း တင်ပြဆွေးနွေးခဲ့တဲ့အခါ ပုံဝတ္ထုတစ်ခုကို ဥပမာပြပြီး ဖြစ်ပေါ်နေတဲ့ ပြည်ထောင်စု ပြဿနာကို ပုံဖော်ရှင်းပြခဲ့ပါတယ်။
ဦးကြာပုပြောပြခဲ့တဲ့ ပုံဝတ္ထုလေးကို လိုရင်းကောက်နုတ်ပြောပြချင်ပါတယ်။
ရှေ့တုန်းက တောင်ပေါ်တစ်ခုမှာ ရှမ်းနဲ့ ဗမာ အကျိုးတူ စီးပွားရှာတဲ့အလုပ်တစ်ခု အတူတူလုပ်ခဲ့ကြတယ်။ တစ်နေ့တော့ အဲဒီတောင်ပေါ်ကနေ ဆင်းလာပြီး ဈေးသွားဝယ်ကြတယ်။ အပြန်လမ်းမှာ (ရိက္ခာအတွက်) ဝယ်လာတဲ့ဆန်အိတ်ကို ဗမာကထမ်းပြီး ရှမ်းက နောက်ကနေ လိုက်လာတယ်။
တောင်ပေါ်အတက်ရောက်တဲ့အခါ ဆန်အိတ်ပေါက်နေလို့ ဆန်စေ့တွေကျနေတာကို နောက်ကနေ လိုက်လာ တဲ့ရှမ်းက လှမ်းမြင်နေရတယ်။ အဲဒီတော့ “ဆန်အိတ်ပေါက်နေတယ် … ဆန်အိတ်ပေါက်နေတယ်”လို့ လှမ်း ပြောတယ်။
ဒါပေမဲ့ ရှမ်းက ဗမာစကားပြောတာ မပီတဲ့အတွက် ဗမာက ဆန်အိတ်ပေါက်နေတယ်လို့ မကြားဘဲ “ဆင်အီးပေါက်နေတယ်”လို့ ကြားခဲ့တယ်။ အဲဒီမှာ တောတောင်လည်းဖြစ်နေတော့ ဆင်ရှိလို့ သူ(ရှမ်း) ငါ့ကို လှမ်းသတိပေးတာပဲလို့ ဗမာက နားလည်လိုက်ပြီး တောင်အတက်မှာ ဆန်အိတ်ထမ်းပြီး ပြေးသွားတယ်။ ဗမာပြေးတော့ ရှမ်းကလည်း “ဆင်အီးပေါက်နေတယ်၊ ဆင်အီးပေါက်နေတယ်”လို့ လှမ်းပြောရင်း နောက်ကနေ ပြေးလိုက်လာတယ်။
အဲသလိုပြေးရင်း လိုက်ရင်းနဲ့ အတော်လေးပြေးပြီးနောက် ဗမာကလည်း တော်တော်မောလာတော့ ရှမ်းကလည်း လိုက်မီတဲ့အခါ ဗမာကပြောတယ်။ “ဘယ်မှာလဲ ဆင်” ရှမ်းကလည်း ပြန်ပြောတယ်။
“ဆင်မဟုတ်ဘူး၊ ဆန်အိတ်ပေါက်တာ”လို့ ပြောရင်း ဆန်အိတ်ပေါက်တဲ့နေရာကို လက်ညိုးထိုးပြတော့မှ ဗမာက သဘောပေါက်သွားတယ်။ ဦးကြာပုက ဗမာလည်း အတွေးခေါင်ပြီး ပြေးနေတယ်။ ရှမ်းလည်း မစဉ်းစားဘဲ အပြေးလိုက်နေတယ်လို့ ပုံဝတ္တုထဲက လူနှစ်ဦးအကြောင်းကို ပြောခဲ့ပါတယ်။
နောက်ပြီးတော့ မဟာသရေစည်သူဦးကြာပု ပြောတဲ့အခါ ပုံဝတ္တုထဲက ဆန်အိတ်ပေါက်ဟာ ချို့ယွင်းနေတဲ့ အခြေခံဖွဲ့စည်းပုံဥပဒေနဲ့ တူတယ်။ ဒါကြောင့် အခြေခံဖွဲ့စည်းပုံဥပဒေပြုပြင်ရေး “ဖက်ဒရယ်မူ” ဟာ ဆန်အိတ် ပေါက်ကို မသုံးဘဲ ဆန်အိတ်ကောင်းကို ပြောင်းသုံးဖို့အရေး ဆောင်ရွက်ခြင်း ဖြစ်တယ်ဆိုတဲ့ သဘောနဲ့ တင်ပြဆွေးနွေးခဲ့ပါတယ်။
မှန်ပါတယ်။ ပုံဝတ္ထုထဲက တောင်ပေါ်မှာ အကျိုးတူစီးပွားရှာကြတဲ့ လူနှစ်ဦးစလုံးအတွက် ရိက္ခာဆန်ဟာ အရေးကြီးပါတယ်။ အဲဒီဆန်ရိက္ခာကို စားသုံးပြီးမှပဲ နှစ်ဦးစလုံးက အလုပ်ကောင်းကောင်း လုပ်နိုင်ကြမှာ ဖြစ်ပါတယ်။ ဆန်အိတ်ပေါက်ကို အိတ်အကောင်းထဲ မပြောင်းထည့်ဘူးဆိုရင် နှစ်ဦးစလုံးရဲ့ အရင်းအနှီး စိုက်ထုတ်ပြီး ဝယ်ထားတဲ့ ဆန်တွေဟာ လမ်းပေါ်မှာ အလဟဿကျကုန်ပြီး နှစ်ဦးစလုံးရဲ့ အရင်းငွေလည်း ဖြုန်းတီးရာဖြစ်ကာ ဆုံးရှုံးရမှာ ဖြစ်ပါတယ်။
စဉ်းစားကြည့်ရင် ဖက်ဒရယ်တောင်းဆိုမှုကို ခွဲထွက်ရေးလို့ မြင်နေခြင်း (သို့) နယ်ချဲ့တွေရဲ့ သွေးခွဲအုပ်ချုပ်မှု ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာလို့ပဲ မြင်နေခြင်းဟာ ပုံဝတ္ထုထဲကလို ကြားမိတဲ့အသံကို သေချာပြန်မမေးပဲ အတွေးလွန် အကြောက်လွန်ဖြစ်ပြီး ဒုက္ခအမောခံပြေးနေတဲ့ လူနဲ့ တူနေမှာ ဖြစ်ပါတယ်။ ဆန်အိတ်ပေါက်တယ်လို့ ပြောတဲ့လူကလည်း သူများအကြားလွဲ နားလည်မှုလွဲ မဖြစ်ရလေအောင် ပီပီသသ ပြောနိုင်ဖို့လည်း လိုအပ်ပါတယ်။
ဒါပေမဲ့ တောင်ကြီးညီလာခံ ကျင်းပခဲ့တဲ့ ၁၉၆၁ ခုနှစ်ကနေ ရေတွက်ရင်တောင် တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်တောင်းတဲ့ လှုပ်ရှားမှုဟာ အနှစ်ခြောက်ဆယ်ကျော်နေပါပြီ။ ဒီနှစ်ပေါင်း ၆၀ ကျော်ကြာ တောင်းဆိုမှုကို ဒီကနေ့ကာလအထိ “ဆင်အီးပေါက်တယ်”လို့ပဲ ကြားနေရင်တော့ ဆန်အိတ်ထမ်းနေသူရဲ့ အမှားပဲဖြစ်ပါလိမ့်မယ်။
ကိုးကား။ ဆလိုင်းလျန်မှုန်း၊ (၂၀၂၀၊ စာ – ၂၁၇) “ပြည်ထောင်စုစစ်စစ်မူ” ၁၉၆၂ ခုနှစ်၊ နိုင်ငံတော် အာဏာသိမ်းမှုကို ဖြစ်ပေါ်စေသော ဖက်ဒရယ်လှုပ်ရှားမှု မှတ်တမ်းများ၊ တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်းမှ ထုတ်ဝေသည့်စာပေ။