သာသနာပြု မင်းလား၊ သာသနာခု မင်းလား
By Yu San.
5 October 2023 – Kachinwaves
၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမကထ ပြုပြီး တည်ဆောက်ခဲ့သည့် နေပြည်တော်မြို့မှ မာရဝိဇယ စကျင်ကျောက်ရုပ်ပွားတော် အနေကဇာတင် လှူပူဇော်ခြင်း အခမ်းအနားကို နိုင်ငံအရပ်ရပ်မှ သံဃာတော်အပါး ၉၀၀ ၏ ရွတ်ဖတ်ပူဇော်မှုများဖြင့် ကြီးကျယ် ခမ်းနားစွာ ပြုလုပ်ခဲ့သည်။
ထိုရုပ်ပွားတော်သည် စကျင်ကျောက်ဖြင့်ပြုလုပ်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူရုပ်ပွားတော်များအနက် အကြီးဆုံးဖြစ်ပြီး စကျင်ကျောက်သားတန်ဖိုး မပါဝင်ဘဲ အဆိုပါရုပ်ပွားတော်နှင့် ပရဝုဏ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင် ကုန်ကျစားရိတ်သည် အမေရိကန် ဒေါ်လာသန်း ၄၀ ခန့် ကုန်ကျနိုင်သည်ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဖော်ပြခဲ့သည်။
ထိုရုပ်ပွားတော်ကို တည်ထားကိုးကွယ်မှုကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို စစ်တပ်ထောက်ခံသည့် အသိုင်းအဝိုင်းက သာသနာပြုမင်းအဖြစ် မြှောက်ပင့်ပြောဆိုနေကြသည်။
သို့သော် အဆိုပါသာသနာပြုမင်း လက်အောက်မှ စစ်တပ်ကြီးသည် စစ်ကိုင်းတိုင်းအတွင်းရှိ ဘုန်းကြီး ကျောင်းများနှင့် သာသနာအဆောက်အဦးများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြင့်တစ်နည်း၊ လေကြောင်းအသုံးပြု ဗုံးကြဲခြင်းဖြင့်တစ်ဖုံ နည်းလမ်းအမျိုးမျိုးဖြင့် စစ်ရာဇဝတ်များကို ကျူးလွန်နေသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ဂျိုးတောင်ကျေးရွာရှိ ခန္တီဝံသာရာမ ကျောင်းတိုက်ကို ဝန်းသိုမြို့ပေါ်ရှိ ခမရ (၁၀၂) တပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ၃ လုံး ဘုန်းကြီးကျောင်း အတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
လက်နက်ကြီး ပစ်ခတ်ချိန်သည် ဘုန်းကြီးကျောင်းတွင် ကလေးငယ်များ စာသင်ကြားနေသည့် အချိန်ဖြစ်ပြီး လက်နက်ကြီး ပေါက်ကွဲမှုကြောင့် မူလတန်းအရွယ် ကလေးငယ် ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းတို့အနက် ခြောက်ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။
အလားတူဖြစ်စဉ်မျိုးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ လက်ယက်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သေးသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့က လက်ယက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းဝင်းကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်အသုံးပြုပြီး လက်နက်ကြီး၊ လက်နက်ငယ်များ တရစပ်ပစ်ခတ် စီးနင်းတိုက်ခိုက်ခဲ့သည့်အတွက် ဘုန်းကြီးကျောင်းနှင့် တွဲလျက်ဖွင့်ထားသည့် စာသင်ကျောင်းတွင် ကျောင်းတက်နေသည့် ကလေးငယ် ၇ ဦး အပါအဝင် လူပေါင်း ၁၃ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အရပ်သား ပြည်သူများကို လူသားတံတိုင်းပြုလုပ်ခဲ့သည့်အတွက် ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းခဲ့ရသည်ဟု သိက္ခာမဲ့စွာ ထုတ်ပြန်ကြေညာခဲ့ဖူးသည်။
အမျိုးဘာသာ၊ သာသနာကိုစောင့်ရှောက်မည်ဟု ဟစ်ကြွေးနေသည့် စစ်တပ်သည် ယခု ၂၀၂၃ ခုနှစ် အတွင်းမှာပင် စစ်ကိုင်းတိုင်းအတွင်းရှိ သာသနာအဆောက်အအုံများကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့သည်ကို ပြည်တွင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်များအရ သိရှိရသည်။
ဘုရားဒကာ ဦးမင်းအောင်လှိုင်၏ လေကြောင်းတပ်သည် အင်းတော်မြို့နယ်အတွင်းရှိ ခရမ်းစပ်ကုန်းရွာနှင့် ရွာသာယာကျေးရွာရှိ ဘုန်းကြီးကျောင်းများကို တိုက်လေယာဉ်ဖြင့် ဗုံးချတိုက်ခိုက်ခဲ့ဖူးသည်။ စက်တင်ဘာ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ခရမ်းစပ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဘုန်းကြီး ပျံလွန်တော်မူပြီး ကပ္ပိယတစ်ဦး သေဆုံးခဲ့သည်။
အလားတူ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာကို ဇွန်လ ၂၇ ရက်နေ့က လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပျက်စီးခဲ့ပြီး သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့သည့်အပြင် လူပေါင်း ၁၁ ဦး သေဆုံးခဲ့ သည့် ဖြစ်စဉ်လည်း ရှိသည်။
ထို့ပြင် ဇူလိုင်လ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်အစပ်ရှိ ရေမြက်ရွာကို စစ်ကောင်စီတပ်က ဗုံးချတိုက်ခိုက်ခဲ့ရာ စေတီအချို့ပျက်စီးပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း ဗုံးဆံကျခဲ့ သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
ယင်းဖြစ်စဉ်များအပြင် စစ်ကိုင်းတိုင်း၊ ပဒူကျေးရွာဘုန်းကြီးကျောင်းကို ဩဂုတ် ၁၁ ရက်နေ့က တိုက်လေယာဉ်ဖြင့် ပစ်ခတ်သည့်ဖြစ်စဉ်တွင် စစ်ဘေးရှောင်သုံးဦး ဘုန်းကြီးကျောင်းမုဉ်ဦးပိမိပြီး သေဆုံးခဲ့ရသည်။
တစ်သွေးတစ်သံတစ်မိန့်ဖြင့် ဖွဲ့စည်းလှုပ်ရှားရသော စစ်တပ်၏ ဖွဲ့စည်းမှုအရ အထက်မှာ ဖော်ပြခဲ့သည့် ကျူးလွန်မှုဖြစ်စဉ်များ အားလုံးအတွက် အဓိက တာဝန်အရှိဆုံးသူသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်သည်။
အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဘာသာရေး အဆောက်အအုံ ၁၉၀ ကျော်ရှိခဲ့ရာ ဖြစ်ရပ် ၁၅၈ ခုသည် စစ်ကောင်စီတပ်ဖွဲ့များ၏ လက်ချက်ကြောင့် ထိခိုက်ပျက်စီးကြောင်း ဇွန်လ ၂၉ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) က ထုတ်ပြန်ခဲ့သည်။
သက်မဲ့အဆောက်အအုံကို ဖျက်ဆီးခြင်းများအပြင် သက်ရှိဖြစ်သည့် သာသနာ့ဘောင်အတွင်းရှိ ရဟန်းသံဃာတော်များကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်းများကိုလည်း သာသနာပြုမင်းဟု မြှောက်ပင့်ခံနေရသည့် စစ်ခေါင်းဆောင်၏ လက်အောက်ခံ စစ်တပ်ကြီးက လုပ်ဆောင်နေလျက်ရှိသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့အထိ သံဃာတော် ခုနစ်ပါး သတ်ဖြတ်ခံရကာ ၁၀၆ ပါးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ၈၉ ပါးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း သိရှိရသည်။
သာသနာ့ဘောင်အတွင်းမှ သက်ရှိများအပြင် သက်မဲ့အရာများကိုပါ ဖျက်ဆီးနေသော စစ်ခေါင်းဆောင်ကို သာသနာပြုမင်းဟု မြှောက်ပင့်ပြောဆိုသူများထဲတွင် သံဃာခေါင်းဆောင်အချို့လည်း ပါဝင်လေသည်။
နိုင်ငံကျော်သီတဂူဆရာတော်က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လ ၂ဝ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတခုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို “သဒ္ဒါ၊ ပညာဖြင့် ပြည့်စုံသောမင်း”ဟု လူသိရှင်ကြား ချီးကျူးထောပနာ ပြုခဲ့ဖူးသည်။
ထိုသို့ စစ်ခေါင်းဆောင်ကို မြှောက်ပင့်နေကြသည့် သံဃာတော်များကြောင့်ပင် ဓမ္မတရားသည် ပျောက်ကွယ် သွားရပြီး အဓမ္မတရားကို ကြီးစိုးစေသည်ဟု နွေဦးတော်လှန်ရေး သံဃကွန်ယက်မှ ဆရာတော် ဦးဝါယမက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက DVB သတင်းဌာန၏ အင်တာဗျူးတစ်ခုတွင် ယခုကဲ့သို့ မိန့်ကြားခဲ့ဖူးသည်။
“ဘာသာ၊ သာသနာပြု သဒ္ဒါတရားနဲ့ပြည့်စုံတဲ့ သူဆိုပေမယ့် ဗုဒ္ဓရဲ့အဆုံးအမကို တစ်စက်မှမကျင့်သုံးသော အဲ့လိုမကျင့်သုံးတဲ့သူကို ထိုဘုန်းကြီး (သီတဂူဆရာတော်)ကလည်း ဘာလို့မင်းလို့ပြောတာလည်းဆိုရင် မင်းကိုးကွယ်ခံ၊ မင်းအလိုလိုက်၊ မင်းအကြိုက်၊ မင်းကောင်းလားဆိုတော့ မင်းဆိုးမင်းယုတ်ပေါ့။
ဘာပဲကိုးကွယ်ကိုးကွယ် အုပ်ချုပ်တဲ့ကောင်ရဲ့ အကိုးကွယ်ခံဖြစ်ရင်ပြီးတာပဲဆိုတဲ့ ကျော်ကြားမှုနဲ့ ရရှိမှုကို လိုလားတဲ့ ထိုဘုန်းကြီးမျိုးတွေရဲ့ ပင့်မြောက်မှုတွေကြောင့်လည်း တိုင်းပြည်ရဲ့ဟိုးအောက်က ရဟန်းသံဃာတွေ၊ အမှန်တရားမြတ်နိုးတဲ့ ရဟန်းသံဃာတွေ သတ်ဖြတ်ခံနေရခြင်းဖြစ်တယ်”
နိုင်ငံအတွင်း စစ်ရာဇဝတ်မှု ကျူးလွန်မှုများအတွက် အဓိကတာဝန်ရှိသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စစ်တပ်လိုလားသူ အသိုင်းအဝိုင်းများက ဘုရားလောင်းမင်း၊ သာသနာပြုမင်းအဖြစ် ရှုမြင်ခံနေရသော် လည်း စစ်တပ်၏ဖိနှိပ်ခြင်းကို ခံရသည့်ဒေသများမှ ပြည်သူများအတွက်နမှာမူ သာသနာကို ခုတုံးလုပ်သည့် သာသနာခုမင်း၊ လက်နက်ဖြင့်ဖိနှိပ်ပြီး ပြည်သူ့အလောင်းများ တန်းစီနေအောင် ဖန်တီးသူ အလောင်းစီသူမင်းအဖြစ် သမိုင်းတွင်နေမည်သာ ဖြစ်ပါသည်။