ဒီနေ့ နေလယ်ပိုင်းနဲ့ ညပိုင်းမှာလည်း စစ်ကောင်စီတပ်က နမ်ဆန်ယန်ကျေးရွာနဲ့ လိုင်ဇာဒေသအတွင်း လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်
10 October 2023 – Kachinwaves
မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းမှာ ဒီနေ့မွန်းတည့်ပိုင်းနဲ့ ညပိုင်းမှာလည်း စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
မွန်းတည့် ၁၂ နာရီခွဲလောက်မှာ နမ်ဆန်ယန်အနီး လိုင်လွမ်အောင်ဂျာတပ်စခန်းမှာ တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးနှစ်ကြိမ် ကြဲသွားပြီး ညပိုင်း ၈ နာရီဝန်းကျင်ကလည်း နမ်ဆန်ယန်ကျေးရွာနဲ့ လိုင်ဇာကြားမှာ ဗုံးထပ်မံ ကြဲချခဲ့ကြောင်း KIA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မနေ့က အောက်တိုဘာ ၉ ရက်နေ့ မနက်ပိုင်းမှာ ဗန်းမော် – နမ်ဆန်ယန်လမ်းပိုင်းမှာ မိုးမောက်ဘက်က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ် ဘက်က အကျအဆုံးများခဲ့တယ်လို့ သိရပါတယ်။
မိုးမောက်လမ်းကတိုက်ပွဲအပြီး မနေ့ညနက်ပိုင်း ၁၁ နာရီခွဲလောက်မှာတော့ လိုင်ဇာမြို့နဲ့ ၂ မိုင်ဝန်းကျင် အကွာမှာရှိတဲ့ မုန်လိုင်ခက်ကျေးရွာထဲကို လေယာဉ်နဲ့ဗုံးကြဲခဲ့ပြီး လက်နက်ကြီးတွေလည်း ပစ်ခတ်ခဲ့ တာကြောင့် အရပ်သား ၂၉ ဦးသေဆုံးပြီး ၅၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မုန်လိုင်ခက်ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ဟာ စစ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က ဖားကန့်မြို့နယ်၊ အနမ့်ပါကျေးရွာမှာဖြစ်ခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ပြီးရင် ကချင်ပြည်နယ်အတွင်းက ဒုတိယ အသေအပျောက်အများဆုံးဖြစ်ရပ် ဖြစ်ပါတယ်။