ခေတ်မီတပ်မတော် ဖြစ်ရေးကနေ ဒရုန်းကြောက်နေရတဲ့ စစ်တပ်ဖြစ်နေပြီလား
Opinion – 25 September 2023 – Kachinwaves
လက်ရှိစစ်ကောင်စီတပ်ဟာ အာဏာမသိမ်းမီကာလက ခေတ်မီတပ်မတော် (Standard Army) ဖြစ်ဖို့ တည်ဆောက်နေတယ်လို့ လေလုံးထွားခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့စစ်အင်အားဟာ ၅ သိန်း ကျော် လောက်ရှိနိုင်တဲ့အထိ အထင်ကြီးခံခဲ့ရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ ခုခံစစ် ကြေညာတဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က တရုတ် ဂလိုဘယ်တိုင်းမ် သတင်းဝက်(ဘ်)ဆိုဒ်မှာ ဖော်ပြခဲ့တဲ့ အယ်ဒီတာ့အာဘော်မှာဆိုရင် “မြန်မာစစ်တပ်တွင် အင်အား ၆ဝဝ,၀၀၀ ခန့်ရှိသည့် တောင့်တင်း သန်စွမ်းသော စစ်တပ်ရှိသည်”လို့ ပါရှိတဲ့အကြောင်း ဝတ်ရည်ခိုင်မာရေးတဲ့ ဆောင်းပါးကို ဧရာဝတီသတင်း စာမျက်နှာမှာ ဖတ်ရပါတယ်။
ဒါပေမဲ့ နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင် တော်လှန်ရေးအစပိုင်းမှာ ပညာရှင်တချို့ မထင်ထားတဲ့အရာ တွေဟာ ပြည်သူ့ခုခံစစ်ကြေညာပြီး ၂ နှစ်ကျော်အတွင်း ထင်သာမြင်သာ တွေ့မြင်လာရပြီ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ရေးလက်နက်တွေအရ တော်လှန်ရေးတပ်ဖွဲ့တွေထက် အားသာနေပေမဲ့ ပြည်သူ လူထုရဲ့ စွန့်ပစ်ခြင်းကိုခံနေရတာ ဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ကျရှုံးမှုကနေ လက်တွေ့ မြေပြင်တိုက်ပွဲ တွေမှာလည်း အထိနာမှုများနေတာ အများအသိဖြစ်ပါတယ်။
နွေဦးလက်နက်ကိုင်တော်လှန်ရေး ၂ နှစ်ကျော်လာပြီး လေ့လာစမ်းသပ် တီထွေသင်ယူမှုတွေနဲ့ ပြင်ဆင် ဖွဲ့စည်းမှုတွေ အတိုင်အတာတစ်ခုထိ အခြေတည်လာတဲ့အခါ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်တဲ့ နည်းပရိရယ်ဟာ ရန်သူကို အိပ်မပျော်စေတဲ့ တိုက်ခိုက်မှု ဖြစ်လာပါတယ်။ ဒရုန်းအသုံးပြုတိုက်ခိုက်မှုကို တော်လှန်ရေးတပ်ဖွဲ့ တွေရဲ့ လေကြောင်းတပ်ဖွဲ့လို့တောင် ဆိုနိုင်မယ်ထင်ပါတယ်။
နွေဦးတော်လှန်ရေး မတိုင်ခင်ကတည်းက ဒရုန်းတွေကို မြန်မာနိုင်ငံအတွင်းမှာ ဝယ်ယူအသုံးပြုမှုတွေရှိနေပြီ ဖြစ်ပေမဲ့ လက်ရှိတော်လှန်ရေးတပ်ဖွဲ့တွေလို ရန်သူရဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်တဲ့နေရာတွေမှာ အသုံးပြုတာမျိုးမရှိခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်ကိုယ်တိုင်က ဒရုန်းအသုံးပြုတာရှိပေမဲ့ ဈေးကွက်မှာ အများဝယ်ယူသုံးစွဲနိုင်တဲ့ ဒရုန်းမျိုးကိုသာ အသုံးပြုတာဖြစ်ပြီး ဖွံ့ဖြိုးရေးကိစ္စတွေအတွက် အသုံးပြုတာဖြစ်ကြောင်း ၂၀၂၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ဖူးပါတယ်။
ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းက ရန်သူကို ထိရောက်စွာ ခြိမ်းခြောက်တိုက်ခိုက်နိုင်တာကို လက်ရှိအချိန်မှာ သိမြင်နိုင်ကြတာ ဖြစ်ပေမဲ့ အစပိုင်းမှာ လူငယ်တွေရဲ့ စဉ်းစားကြံဆမှုကို လူကြီးတွေက ချက်ချင်း လက်ခံ နိုင်ခြင်း မရှိခဲ့ဘူးလို့ “Federal Wings နှင့် နွေဦးသင်ခန်းစာများ”ခေါင်းစဉ်နဲ့ ဇေယျ (အညာ) ရေးသားပြီး ဇူလိုင် ၂၈ ရက်နေ့မှာ ဧရာဝတီသတင်းဝက်(ဘ်)ဆိုဒ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးမှာ တွေ့ရပါတယ်။
“အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင် EAO ရှိ တာဝန်ရှိခေါင်းဆောင် တချို့သည် လူငယ်များ၏ နည်းပညာစဉ်းစားမှုကို လက်ခံနိုင်မှု မရှိသေးပေ။ လူငယ်တို့၏ ကြိုးစားအား ထုတ်မှု ဖြစ်နိုင်ခြေကို သံသယရှိခဲ့ကြ၏။ မျိုးဆက်ကွာခြားမှုကြားက ပြဿနာဖြစ်ပေသည်။”လို့ ရေး ထားပါတယ်။
ဒါပေမဲ့အခုတော့ ဒရုန်းအသုံးပြုတိုက်ခိုက်ရေးဟာ ထိရောက်မှုရှိတာကို သိနေကြပြီဖြစ်လို့ ဒရုန်းနဲ့ ပတ်သက်တဲ့ လူကြီးလူငယ်ကြား သံသယပြဿနာ မရှိတော့ဘူး ထင်ပါတယ်။ ရှေ့တန်းစစ်မြေပြင်က တော်လှန်ရေး ရဲဘော်တွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးထက်ဒရုန်းကို ကြောက်နေကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒရုန်းဝယ်ယူရရှိနိုင်ဖို့နဲ့ အသုံးပြုပစ်ချမယ့် ဗုံးသီးဝယ်ယူ ရရှိရေးအတွက်တော့ အဖွဲ့တိုင်းမှာ ငွေကြေးပြဿနာ စိန်ခေါ်မှုရှိနေသေးတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒရုန်းနဲ့ ပစ်ခတ်ခံရပြီး ဒရုန်းကြောက်နေရတဲ့ ရန်သူဟာ သူကိုယ်တိုင်လည်း အသုံးပြုလာနိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။
ဒီရက်ပိုင်းအတွင်း ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေပူးပေါင်းပြီး TNLA နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က အဝေးထိန်းဒရုန်းတွေမှာ ၆၀ မမ ဗုံးသီးတွေ ချိတ်ပြီးတိုက်ခိုက်လာတဲ့အကြောင်း Myanmar Now သတင်းစာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
စစ်ရဲ့ သဘောသဘာဝအရ လက်နက်အင်အား တောင့်တင်းသန်စွမ်းကြောင်း၊ ရန်သူအထင်ကြီးလောက်တဲ့ လက်နက်တွေရှိရင် တစ်ဖက်ရန်သူက မိမိစစ်တပ်ကို ရှိန်သွားအောင် ဟန့်တားစွမ်းဆောင်နိုင်ခြင်းရှိတဲ့ သဘောဖြစ်ပါတယ်။ စစ်ကောင်စီတပ်က လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေကို တိုက်လေယာဉ် အားကိုးပြီး အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပေမဲ့ တိုက်လေယာဉ်ကို ပစ်ခတ်နိုင်တဲ့ လက်နက်မပိုင်ဆိုင်နိုင်တာဟာ စစ်ရေးဟန့်တားခြင်း (Deterrence) ဗျူဟာအရ တော်လှန်ရေး ရဲဘော်တွေကို စိတ်ပိုင်းဆိုင်ရာ အားနည်း စေတဲ့ သဘောဖြစ်ပါတယ်။ အလားတူအရင်က မြန်မာစစ်တပ်အင်အား ငါးသိန်းကျော်၊ ခြောက်သိန်းနီးပါး ရှိတယ်လို့ ပြောခဲ့တာလည်း တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ အပါအဝင် အခြားနိုင်ငံတွေက မြန်မာ စစ်တပ်ကို အထင်ကြီးနေအောင် ဖန်တီးထားတာလည်း ဖြစ်နိုင်ပါတယ်။
စစ်တပ်က ရေငုပ်သင်္ဘောဝယ်ယူရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ “တပ်မတော်သတင်းမှန်ပြန်ကြားရေး ကော်မတီရဲ့ သတင်းစာ ရှင်းလင်းပွဲ” မှာ အခုလိုဖြေကြားခဲ့ဖူးပါတယ်။
“စစ်တိုက်စရာ မလိုဘဲနဲ့ ရရှိတဲ့ရိုသေမှု ခန့်ညားမှု ဒါပဲ deterrent power ဆိုတာ။ အဲကျတော့ ရေငုပ် သင်္ဘောရဲ့ ပထမ ရည်ရွယ်ချက်က deterrent ပါဝါရလိမ့်မယ်။”
ခေတ်မီ လက်နက်အင်းအားတွေ တောင့်တင်းခိုင်မာကြောင်းပြပြီး ခေတ်မီတပ်မတော် (Standard Army) ဖြစ်လိုတဲ့ စစ်တပ်ဟာ လက်ရှိကာလမှာတော့ ပြည်သူလူထုအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် ပြည်တွင်းပြည်ပမှာ ပေမမီဂိုက်မမီ လူမုန်းခံနေရတဲ့ စစ်တပ်ဖြစ်နေရပါပြီ။
လက်နက်မဲ့ပြည်သူတွေကို ပစ်ခတ်တာဟာ Standard Army မဟုတ်ဘူးလို့ မြန်မာစစ်ဗိုလ်တွေကို စစ်ဖက် အရပ်ဖက်ဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်တဲ့ သင်တန်းတွေနဲ့ နှီးနှော်ဖလှယ်ပွဲတွေ လုပ်ဆောင်ပေးခဲ့တဲ့ ပါမောက္ခဒေါ်မီမီဝင်းဘတ်က အာဏာသိမ်းပြီး အစောပိုင်းရက်သတ္တပတ် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၉ ရက်နေ့က VOA သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းကနေ သတိပေးပြောကြားခဲ့တာကို တွေ့ရပါတယ်။
“လက်နက်မရှိတဲ့ ပြည်သူလူထုကို သတ်တာက Immoral Unethical ကျင့်ဝတ်သိက္ခာမရှိတဲ့ အပြုအမူလို့ ယူဆတယ်။ ကျမတို့တင် မဟုတ်ပါဘူး။ Standard Army, Professional Army ဆိုရင် မပစ်ရဘူး။ စစ်ဆင်ရေးတွေ လုပ်တဲ့အခါမှာ ပြည်သူလူထုရဲ့ ထောက်ခံမှုမရဘူးဆိုရင် ကျမတို့အတွက် ပိုပြီးတော့ ခက်ခဲတယ်။ အဲဒါနဲ့ပတ်သက်လို့လည်း ကျမတို့ရဲ့ Operation of Reason ပေါ့နော်။ ပြည်သူလူထုရဲ့ ထောက်ခံမှု လေးစားမှု ယုံကြည်မှုက အရမ်းလိုအပ်တယ်။ နိုင်ငံတွင်းသာမက အပြင်သွားလည်း အတူတူပဲ။”
ဒါပေမဲ့ လက်ရှိ အာဏာသိမ်း စစ်ကောင်စီတပ်ဟာ အလွန်ဆုံးရှိမှ နှစ်သိန်းကျော်လို့ စစ်ရေး နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြန်လည်တွက်ချက်ပြောဆိုလာကြပြီ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ကိုယ်တိုင်ကလည်း နိုင်ငံရေး ရပ်တည်ချက်မရှိတဲ့ ပြည်သူ့စစ်တွေကို စည်းရုံးနေရသလို ရှေ့တန်းရော နောက်တန်းမှာရော စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒရုန်းကြောင့် အိပ်မပျော်နိုင်တဲ့ညတွေ ဖြစ်နေပြီဆိုတာ ဒီစက်တင်ဘာလ ၃ ရက်နေ့က ကရင်ပြည်နယ် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာဟာ မြင်သာတဲ့ သာဓက တစ်ခုဖြစ်ပါတယ်။