ဟုမ္မလင်းမြို့နယ်အတွင်း ကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့
28 September 2023 – Kachinwaves
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ ဟုမ္မလင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးကာ အရပ်သားပြည်သူ သတ်ဖြတ်ခံရခြင်းများလည်းရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၊ SNA ပူးပေါင်းတပ်များနှင့် ဟုမ္မလင်းဒေသ ကာကွယ်ရေးပူးပေါင်းတပ်များသည် ဟုမ္မလင်း မြို့နယ်အတွင်းရှိ စီးပွားရေး၊ ဆက်သွယ်ရေး အချက်အခြာကျသည့် နောင်ပိုအောင်ကျေးရွာအနီးဝန်းကျင် တွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။
“PDF နှစ်ယောက်ကျတယ်တဲ့။ နောင်ပိုအောင်က SNA တွေ စားသောက်စခန်းချနေတာ။ အဝင်အထွက်ပဲ မရတာ။ ရွာထဲအေးဆေးဖြစ်နေတယ်။”
စက်တင်ဘာ ၂၁ နေ့ညက PDF ပူးပေါင်းတပ်များက နောင်ပိုအောင်ကျေးရွာနှင့် လွှစင်ကုန်းကျေးရွာမှ စစ်ကောင်စီတပ်နှင့် SNA စခန်းများကို တိုက်ခိုက်ခဲ့ရာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၆ ရက်နေ့က တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ရက်မှစတင်ပြီး စစ်ရေးတင်းမာနေသည့်နယ်မြေအတွင်း SNA ပူးပေါင်းတပ်ဖွဲ့ က အရပ်သား ပြည်သူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု အဆိုပါသတင်းရင်းမြစ်က ဆို သည်။
“လမ်းဘေးထွက်လာလို့ သတ်တာတဲ့။ မနိုင်ရင်က အကုန်သတ်မှာပ။ သတ်ခံရတာက အမျိုးသားများ တယ်။”
သတ်ဖြတ်ခံရသည့် ဒေသခံများသည် အော်သော်ရွာ၊ ဆပ်ကယားကျေးရွာနှင့် စစ်ရေးတင်းမာနေသည့် နယ်မြေအတွင်းရှိ ကျေးရွာများမှဖြစ်ကြောင်း ဆက်ပြောသည်။
အရပ်သားသေဆုံးမှု အခြေအနေနှင့်ပက်သက်ပြီး Kachinwaves အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ယခုလက်ရှိ တိုက်ပွဲ အခြေအနေများကြောင့် ဆပ်သယား၊ လွှစင်ကုန်း၊ စေတီကုန်း၊ အော်သော်၊ မြောက်ရွာနှင့် ရေကန်ရွာမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယခုလက်ရှိ စစ်ကောင်စီနှင့် SNA တပ်များက တိုက်ပွဲဖြစ်ပွားသည့်နယ်မြေအတွင်း အင်အားဆက်လက် ဖြည့်တင်းနေခြင်းကြောင့် စစ်ရေးမှာ ဆက်လက် တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။