မြိုင်မြို့နယ်မှ ကျေးရွာ နှစ်ရွာ မီးရှို့ဖျက်ဆီးခံရ
28 September 2023 – Kachinwaves
မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့တောင်ပိုင်းတွင် လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်းသည် ယနေ့ စိုင်ဂေါင်းကျေးရွာနှင့် ကိုင်းကျေးရွာမှ ဒေသခံနေအိမ်များကို မီးရှို့ခဲ့ကြောင်း သိရသည်။
စိုင်ဂေါင်းကျေးရွာမှ နေအိမ်နှစ်လုံးနှင့် ကိုင်းကျေးရွာမှ နေအိမ်နှစ်လုံးကို စစ်ကောင်စီစစ်ကြောင်းက ယနေ့နံနက်နှင့် ညနေပိုင်းများတွင် ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု မြိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“စိုင်ဂေါင်းကိုမနက်က ရှို့သွားတယ်။ ဘာမှတော့ ဟိုလိုတော့ (တိုက်ပွဲ) မရှိဘူးရယ်။ အဲ့ကနေအခု အရှေ့ညောင်တွင်းကို ဝင်သွားတယ်။ တစ်ခါကိုင်းဘက်မှာလည်း ဝင်နေတယ်။ နှစ်အိမ်ရှို့သွားတယ်
ကြားတယ်။”
မြိုင်အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် စစ်ကောင်စီစစ်ကြောင်း သုံးကြောင်းဖြင့် စစ်ရေးလှုပ်ရှားနေခြင်း
ဖြစ်ပြီး စိုင်ဂေါင်းနှင့် ကိုင်းကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံက ဆိုသည်။
ကိုင်းကျေးရွာကို ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီစစ်ကြောင်းမှာ ယမန်နေ့က အရပ်သားပြည်သူ အမျိုးသားတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့သည့်စစ်ကြောင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းများကြောင့် မြိုင်နယ်မှ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။