အဖမ်းအဆီးများနေသည့် မိုးကောင်းမြို့တွင်း ပစ်ခတ်သံများကြားရ
26 September 2023 – Kachinwaves
ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဈေးကုန်းရပ်ကွက်တွင် ယနေ့ညနေ ၅ နာရီအချိန်က သေနတ်ပစ်ခတ်သံများ ကြားခဲ့ရကြောင်း သိရသည်။
ဩဂုတ်လ ၁၉ ရက်နေ့က စစ်ကားပစ်ခတ်ခံခဲ့ရသည့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အနီး တွင် စက်သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ဆက်တိုက်ဆွဲတာလို့ ပြောတယ်၊ အရင်ပစ်ခံရတဲ့ နေရာနားပဲ၊ အဲနားက သံလမ်းကူး (နတ်ကြီးကုန်း ရပ်ကွက်နှင့် ဈေးကုန်းရပ်ကွက်ကို ပိုင်းခြားထားသည့် ရထားသံလမ်း) က ညနေ ၆ ခွဲဆို မည်သူ့မှ ပေးမဖြတ်တော့ဘူး။”
ပစ်ခတ်မှုကို စစ်ကောင်စီဘက်မှ ပြုလုပ်သည်ဟု ဒေသခံများက ဆိုသည်။ ပြီးခဲ့သည့်လတွင် ကျောင်းကြိုလာသည့် စစစ်ကောင်စီကား ဈေးကုန်းရပ်ကွက်တွင် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ က မိုးကောင်းမြို့အတွင်း လုပ်ငန်းရှင်များအပါအဝင် အရပ်သားပြည်သူများအား ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသည့် အရပ်သားပြည်သူများထဲမှ ဦးဂျိုးဇက် ဝဘော်တန်ဂွန်းနှင့် ဇင်ယော်ဓာတ်ဆီဆိုင်ပိုင်ရှင် အမျိုးသမီး တို့နှစ်ဦး စစ်ကြောရေးတွင် နှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့ရသည်။