တိုက်ပွဲရက်ဆက်ဖြစ်ပွားနေပြီး လိုင်ဇာမြို့အနီးဝန်းကျင်သို့ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်
26 September 2023 -Kachinwaves
KIA ဌာနချုပ်တည်ရှိသည့် လိုင်ဇာမြို့အနီးတွင် ယနေ့ မွန်းလွဲတစ်နာရီဝန်းကျင်၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲသံများ ကြားနေရကြောင်း သိရသည်။
လက်နက်ကြီးပေါက်ကွဲသံ လေးချက်ခန့်ကြားရပြီး မည်သည့်နေရာများတွင် ကျရောက်ပေါက်ကွဲသည်ကို မသိရှိရကြောင်း လိုင်ဇာမြို့နေ ပြည်သူများက ဆိုသည်။
ယမန်နေ့ကလည်း နမ်ဆန်ယန်ကျေးရွာအနီး အောင်ဂျာရွာတွင် စခန်းချနေသည့် စစ်ကောင်စီတပ်ကို KIA က သွား ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညနေ ၄ နာရီခန့်အချိန်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စင်းဖြင့် ဗုံးကြဲချခဲ့သည်ဟု KIA သတင်းရင်းမြစ်အရ သိရသည်။
နမ်ဆန်ယန်ကျေးရွာနှင့် အောင်ဂျာရွာသည် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသော မြစ်ကြီးနား – ဗန်းမော်လမ်းရှိ လိုင်ဇာဒေသနှင့် နီးစပ်သည့် ကျေးရွာများဖြစ်သည်။
စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသသို့ စစ်ကြောင်းထိုး ဝင်ရောက် လာသည့်အတွက် ဇူလိုင်လ ၃ ရက်နေ့မှစပြီး တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၃ လနီးပါး ရှိလာပြီ ဖြစ်သည်။