ဘာမဆိုလုပ်ရဲတဲ့သူနဲ့ ဘာမဆိုလုပ်တဲ့သူ တွေ့ကြတော့ ပြည်သူတွေဟာ ပိုပြီးစည်းလုံး ပြတ်သားကြဖို့ လိုပြီပေါ့
Opinion
17 September 2023 – Kachinwaves
ကမ္ဘာနဲ့ မြန်မာပြည်သူတွေကြားမှာ လူကြမ်းမင်းသားအဖြစ် အာရုံစိုက်ခံရတဲ့ မြောက်ကိုးရီးယားအစိုးရဟာ မြန်မာပြည်တွင်းမှာ ပြောင်ပြောင်တင်းတင်း ရမ်းကားခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင် တွေကတော့ သူ့တို့ရဲ့ အကျိုးစီးပွားကိုသာရှေ့ရှုပြီး မြောက်ကိုးရီးယားနဲ့ အဆက်အသွယ်ရဖို့ အမြဲတမ်း လိုလားခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ မြောက်ကိုးရီးယားရဲ့ သံတမန်ဆက်ဆံရေး သမိုင်းကိုကြည့်ရင် ၁၉၇၅ ခုနှစ်မှာ စတင်ထူထောင် ခဲ့ပြီး ၁၉၈၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေတိဂုံဘုရားခြေရင်းက အာဇာနည်ဗိမာန်မှာ လွမ်းသူ့ပန်းခွေချမဲ့ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နဲ့အဖွဲ့ကို ဗုံးဖောက်ခွဲလုပ်ကြံမှု ဖြစ်ခဲ့ပြီးနောက် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး တစ်ခန်းရပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်တွေက သူ့တို့ရဲ့ စီနီယာကြီး ဗိုလ်ချုပ်နေဝင်း လက်ထက်မှာ သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့တဲ့ မြောက်ကိုးရီးယားနဲ့ အဆက်အသွယ်ရဖို့ အောက်လမ်းကနေ ကြိုးပမ်းပါတယ်။ ရလဒ်အနေနဲ့ ၂၀၀၇ ခုနှစ်ကနေ သံတမန် ဆက်ဆံရေး ပြန်လည်ထူထောင်လာခဲ့ကြ တာဖြစ်ပါတယ်။
ဒါပေမဲ့လည်း အဲဒီဆက်ဆံရေးဟာ “ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာတော့ နျူကလီးယားလက်နက် တားမြစ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုနဲ့အညီ နျူကလီးယား လက်နက်ကိုင်ဆောင်ထားတဲ့ မြောက်ကိုရီးယားနဲ့ သံတမန်ရေး ထပ်မံဖြတ်တောက်လိုက်ပါတယ်။”လို့ စက်တင်ဘာလ ၁၃ ရက်နေ့က ဖော်ပြတဲ့ RFA သတင်း စာမျက်နှာမှာ တွေ့ရပါတယ်။
အခုတော့ စစ်ကောင်စီကလည်း အရင်စစ်ခေါင်းဆောင်တွေနည်းတူ မြောက်ကိုးရီးယားနဲ့ ဆက်ဆံရေး ကောင်း ဖို့ ပြန်လည်ကြိုးစားလာတာကို တွေ့ရပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့မှာပဲ တရုတ်နိုင်ငံဆိုင်ရာ စစ်ကောင်စီသံအမတ် ဦးတင်မောင်ဆွေကို မြောက်ကိုရီးယား နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ပူးတွဲခန့်အပ် တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီလို စစ်ခေါင်းဆောင်တွေရဲ့ လိုလားချက်ကို သိနေတဲ့ မြောက်ကိုးရီးယားဟာ ၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ လည်း မြန်မာပြည်သူတွေကို ဂရုမစိုက်တဲ့ လုပ်ရပ်နှစ်ခု မြန်မာပြည်တွင်းမှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီလုပ်ရပ်နှစ်ခုဟာ အသေးအဖွဲကိစ္စလို့ ဆိုနိုင်ပေမယ့် စစ်တပ်အားကိုးနဲ့ မြန်မာပြည်တွင်းမှာ သံတမန် ကျင့်ဝတ်တွေကို ဂရုမစိုက်ဘဲ ရမ်းကားပြခဲ့တဲ့လုပ်ရပ်လို့ ဆိုနိုင်ပါတယ်။
အဆိုပါလုပ်ရပ်နှစ်ခုမှာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလာမှာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က တရားမဝင် ဇာတ်လမ်းခွေတွေ ဖမ်းဆီးရေး ခေါင်းစဉ်တပ်ပြီး မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကို သရော်လှောင်ပြောင် ရိုက်ကူး ထားတဲ့ The Interview ရုပ်ရှင်ကားခွေတွေကို လိုက်လံ သိမ်းဆည်းခဲ့ရပါတယ်။
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ မြောက်ကိုးရီးယားအစိုးရရဲ့ ဖိအားကြောင့် ရဲတပ်ဖွဲ့က လုပ်ဆောင် ရတာဖြစ်ကြောင်း သိရပါတယ်။
အလားတူ ၂၀၁၀ ခုနှစ်မှာလည်း စာပေစိစစ်ရေးက ထုတ်ဝေခွင့်ပြုပြီး ဖြန့်ချိနေတဲ့ မြောက်ကိုးရီးယား ခေါင်းဆောင် အကြောင်း ဘာသာပြန်ရေး စာအုပ်တွေကို မြောက်ကိုးရီးယား သံရုံးအရာရှိနှစ်ဦး လာရောက် ပြီး စာအုပ်တန်ဖိုးငွေမပေးဘဲ ယူဆောင်သွားတဲ့အကြောင်း စာရေးဆရာ ဦးဟိန်းလတ်က ဘီဘီစီသတင်းမှာ ဖြေကြားထားတာလည်း တွေ့ရပါတယ်။
မြောက်ကိုးရီးယားဟာ မြန်မာပြည်သူတွေအပေါ် ကလန်ကဆန် ပြုမူခဲ့ပေမဲ့လည်း ဗိုလ်ချုပ်နေဝင်းပြီး နောက် အာဏာဆက်ခံလာတဲ့ စစ်ခေါင်းဆောင်တွေဟာ မြောက်ကိုးရီးယားနဲ့ သံတမန်ဆက်ဆံရေးအတွက် အမြဲတမ်း ကြိုးစားနေခဲ့တာကို တွေ့ရပါတယ်။
စစ်တပ်ဟာ မြောက်ကိုးရီးယားနဲ့ တရားဝင် သံတမန်ဆက်သွယ်ရေး ပြန်လည်ထူထောင်ခြင်း မရှိသေးတဲ့ ၁၉၉၅ ခုနှစ် လောက်ကနေ မြောက်ကိုးရီးယား စစ်လက်နက် ထုတ်လုပ်ရေးပညာရှင်တွေနဲ့ တပ်မတော် ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ)တွေမှာ အတူတကွ အလုပ်လုပ်ခဲ့ရတဲ့အကြောင်း (ကပစ) တွေမှာ တပ်ကြပ်ကြီးစာရေး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးမြင့်စိုး ပြောပြထားတာကို ၂၀၁၀ ခုနှစ် မေ ၁၆ ရက်နေ့က VOA မြန်မာပိုင်း သတင်းစာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ စစ်ခေါင်းဆောင်တွေဟာ အောက်လမ်းကနေ မြောက်ကိုးရီးယားဆီက ပညာရှင်တွေခေါ်ပြီး စစ်လက်နက်တွေ ထုတ်လုပ်ခဲ့ပေမဲ့ ထိရောက်အောင်မြင်မှု မရှိခဲ့တဲ့အကြောင်းကိုလည်း ဦးမြင့်စိုးက ပြောပြထားပါတယ်။
ပြည်တွင်းပြည်ပ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ စစ်ခေါင်းဆောင်တွေ မြောက်ကိုးရီးယားကို ချဉ်းကပ်နေတာဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်လိုတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်တယ်လို့ ထောက်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရင် စစ်ခေါင်းဆောင်တွေကတော့ အကြိမ်ကြိမ်ငြင်းဆိုခဲ့ပြီး အမေရိကန်အစိုးရကိုလည်း မြောက်ကိုးရီးယားနဲ့ ဆက်သွယ်မှုမရှိကြောင်း နိုင်ငံခြားရေးဌာနကနေ တရားဝင် စာရေးပေးပို့ခဲ့ရတဲ့အကြောင်းကို VOA မြန်မာပိုင်း သတင်းဌာနရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ ဝါရှင်တန် ဒီစီမြန်မာသံရုံးမှာ သံမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ တဲ့ ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် ပြောပြထားတာကို တွေ့ရပါတယ်။
ဒါ့အပြင် ၂ဝဝ၆ ခုနှစ်မှာ မြောက်ကိုရီးယားဆီက စစ်အစိုးရဟာ လက်နက်ဝယ်ယူခဲ့ပြီး လက်နက်တန်းဖိုးကို ဆန်နဲ့ ပေးချေခဲ့တဲ့အကြောင်း Wikileaks အင်တာနက်စာမျက်နှာက ဖော်ပြလိုက်တဲ့ အမေရိကန်အစိုးရသံရုံး သတင်းပေးပို့ချက်အရ သိရှိရကြောင်း RFA မြန်မာပိုင်းသတင်းရဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ သတင်းမှာ တွေ့ရပါတယ်။
လက်ရှိစစ်ကောင်စီဟာ မြောက်ကိုးရီးယားလို နိုင်ငံမျိုးကို သံတမန်ဆက်ဆံရေး ပြန်လည်စတင်လာတာဟာ ၎င်းတို့အကျပ်ဆိုက်လာနေတဲ့ လက်နက်ကိစ္စလည်း အဓိကပါဝင်သလို အာဆီယံနိုင်ငံအတွင်းမှာပင် အရင်စစ်ခေါင်းဆောင် တွေလို အသိအမှတ်ပြု မခံရဘဲ ဖယ်ကျဉ်ခံနေရတဲ့အတွက် ၎င်းတို့ရဲ့ မိတ်ဆွေနိုင်ငံ ရှာဖွေလာတာလည်း ဖြစ်နိုင်ပါတယ်။
ဘာကြောင့်လည်းဆိုရင် အာဏာသိမ်းစမှာ မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေ ကို ကျော်လွှာသွားမယ်လို့ ချေပခဲ့တဲ့ စစ်ကောင်စီဟာ အခုနှစ် လွတ်လပ်ရေးနေ့မှာ ရုရှား၊ ကမ္ဘောဒီးယားနဲ့ နီပေါနိုင်ငံ (၃) နိုင်ငံရဲ့ ဂုဏ်ပြုသဝဏ်လွှာကိုသာ လက်ခံရရှိခဲ့ကြောင်း Myanmar Now သတင်းဌာနရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
RFA သတင်းစာဌာနရဲ့ ၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာဖော်ပြခဲ့တဲ့ “မြောက်ကိုရီးယားနဲ့ ဆက်ဆံလျှင် စစ်ကောင်စီ အတွက် အကျိုးမဖြစ်နိုင်ကြောင်း ပြည်ပလေ့လာသူတွေ သုံးသပ်” ဆိုတဲ့ ဆောင်းပါးမှာ “သူတို့မှာ အဆင့်မြင့်လက်နက်နဲ့ နည်းပညာတွေ တကယ်မရှိသေးဘဲ ရှိနေနိုင်တယ်လို့ သတင်းထွက်တာ နဲ့တင် သူတို့အတွက် အကျိုးရှိမယ်ဆိုတာကို မြန်မာ စစ်ခေါင်းဆောင်တွေက သဘောပေါက်ပါတယ်။”လို့ ပါရှိပါတယ်။
စစ်ကောင်စီဟာ မြန်မာပြည်သူတွေကို အကျိုးမပေးခဲ့တဲ့ မြောက်ကိုးရီးယားနဲ့ ဆက်ဆံရေးကောင်းဖို့ ချဉ်းကပ်နေခြင်းဟာ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့် ပြောသလို ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့သူနဲ့ ဘာမဆို လုပ်တဲ့သူ တွေ့ကြတာ ဖြစ်တဲ့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကလည်း မြောက်ကိုးရီးယား ပြည်သူတွေလို မဖြစ်ရလေအောင် ဆက်လက် စည်းလုံးညီညွတ် ပြတ်သားကြဖို့ လိုပါတယ်။