ဒရူခစခန်း သိမ်းပိုက်ခံရပြီးနောက် အင်အားဖြည့်တင်းရန် တက်လာသည့် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး ပြန်လည်ဆုတ်ခွာရ
23 September 2023 – Kachinwaves
ကားနှစ်စီးတွင် စစ်လက်နက် ရိက္ခာအပြည့်ဖြင့် မြစ်ကြီးနားမြို့မှ တက်လာသည့် စစ်ကောင်စီတပ်နှင့် KIA အမှတ် (၄) တပ်ရင်းတို့ ယမန်နေ့က ဆွမ်ပရာဘွမ်မြို့ မရောက်မီ ဝေရှီရွာနှင့် ဖုန်အင်ကြားနေရာ၌ တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီတပ် အထိနာသွားကြောင်း သိရသည်။
စစ်အင်အား ၆၀ ခန့်ဖြင့် တက်လာသည့် စစ်ကောင်စီတပ်ကို KIA က စောင့်ကြိုတိုက်ခိုက်ခဲ့၍ အထိအခိုက် များသည့်အတွက် မြစ်ကြီးနားဘက်ကို ပြန်ဆုတ်သွားကြောင်း သိရသည်ဟု သတင်းစောင့်ကြည့်နေသည့် ဒေသခံတစ်ဦးက ပြောသည်။
“ညဆယ်နာရီမှာ ပြန်ဆင်လာတယ်လို့ သိရတယ်။ ကားတစ်စီးမှာ ၆ ယောက်နဲ့ နောက်တစ်စီးမှာ ၁၀ ယောက် လောက်နဲ့ ထိခိုက်ဒဏ်ရာရတာတွေများလို့ ပြန်ဆုတ်လာတဲ့သဘောပဲ”ဟု ပြောသည်။
ထို့အပြင် ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့ နံနက် ၆ နာရီခန့်က အင်အား ၁၀၀ ကျော်သည့် စစ်ကောင်စီ ယာဉ်တန်း ပြန်လည်လှုပ်ရှားလာသည်ကို တွေ့ရသည်ဟုလည်း ဒေသခံကပြောသည်။ မြစ်ကြီးနားမြို့ ဆယ်မိုင်အထက်ပိုင်း လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်က လုံခြုံရေးကင်းစောင့်များ ချထားပြီး ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
KIA ဘက်မှလည်း မြစ်ကြီးနား – ပူတာအို လမ်းပိုင်း သွားလာခြင်းရှောင်ရှားရန်နှင့် မလွဲမရှောင်သာ သွားရ မည့် ကိစ္စများပေါ်လာလျှင် နံနက် ၆ နာရီမှ ညနေ ၆ နာရီကြားသာ သွားလာကြရန် သတိပေးထားကြောင်း သိရသည်။
စက်တင်ဘာ ၂၀ ရက်နေ့က မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ ဒရူခတံတားအနီးရှိ တပ်စခန်း သိမ်းပိုက် ခံရပြီးနောက် စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်လမ်းဘက် ပြန်လည်လှုပ်ရှားလာခြင်း ဖြစ်ပါသည်။