ဝိုင်းမော် ဝူယန်ပြည်သူ့စစ်စခန်းတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသံနှင့် လက်နက်ငယ် ပစ်ခတ်သံများ ကြားရ
20 September 2023 – Kachinwaves
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝူယန်ကျေးရွာတွင် ယနေ့နံနက် ၅ နာရီဝန်းကျင်က လက်နက် ကြီး ပေါက်ကွဲသံများကြားရသည်ဟု ဒေသခံများက ဆိုသည်။
ဝိုင်းမော် – ဆဒုံးမြို့ ကားလမ်းမကြီးပေါ်တွင်ရှိသည့် ဝူယန်ကျေးရွာတွင် ယနေ့နံနက် မိုးလင်းစအချိန် လက်နက် ကြီး ကျရောက်ပေါက်ကွဲသံ လေး၊ ငါးချက်ခန့် ထွက်ပေါ်ခဲ့ကြောင်း ဝူယန်ကျေးရွာနေ အမျိုးသား တစ်ဦးက ပြောသည်။
“ဒီမနက်ပစ်တဲ့အသံကို နားထောင်ကြည့်တော့ တစ်ဖက်ရန်သူဘက်က လာပစ်တဲ့အသံ။ အသံတွေက မတူ ဘူးလေ။ လက်နက်ကြီးသံ ဟုတ်တယ်။”ဟု ပြောသည်။
မည်သည့်နေရာတွင် ကျရောက်ပေါက်ကွဲသည်ကိုမူ မသိရှိရသော်လည်း လက်နက်ကြီးပေါက်ကွဲသံ ကြားရ ပြီးနောက် စစ်ကောင်စီလက်အောက် ဝူယန်ပြည်သူ့စစ်ဂိတ်ဘက်မှ ပစ်ခတ်သည့် လက်နက်ငယ်သံများ ကြားရသည်ဟု ၎င်းကဆိုသည်။
“ငါးချက်ပစ်တဲ့ နောက်ပိုင်းမှာတော့ သူတို့ (ပြည်သူ့စစ်) က ပြန်ပစ်တယ်။ မြည်တော့မြည်တယ်။ သေနတ်သံတွေ ပြန်ထွက်တယ်။”
ပေါက်ကွဲမှု၊ ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် နံနက်ပိုင်းတွင် ပြည်သူ့စစ်အဖွဲ့ဝင်များ ကျေးရွာအတွင်း လှည့်ပတ် စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံက ပြောသည်။
ဝိုင်းမော်ဒေသခံတစ်ဦးကလည်း ဝူယန်ကျေးရွာ လမ်းမကြီးပေါ်တွင်ရှိသည့် ဥပဒေမဲ့ ငွေကြေးကောက်ခံ မှုများ ပြုလုပ်နေသည့် ဝူယန်ပြည်သူ့စစ်ဂိတ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ပြောဆိုသော်လည်း Kachinwaves အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
အဆိုပါဝူယန် ပြည်သူ့စစ်ဂိတ်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းက ဝူယန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး နေရာတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး KIA နှင့် PDF တပ်ဖွဲ့တို့က ယင်းဂိတ်ကို သွားရောက်တိုက်ခိုက်မှုများ ယခင်ကလည်း ရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က အဆိုပါဂိတ်ကို ကချင်လွတ်မြောက်ရေးတပ် (KIA) က သွားရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တွင် ကေအိုင်အေတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သေဆုံးမှုလည်း ရှိခဲ့သည်။