နဘားကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် နေအိမ်နှင့် အရပ်သား ထိခိုက်မှုရှိ
20 September 2023 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းရှိ နဘားကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်း နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရသည်။
စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းမှစပြီး ယမန်နေ့အထိ နဘားကျေးရွာထိပ် နန့်မကျိုင်းလမ်းဆုံနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နဘားကျေးရွာဒေသခံတစ်ဦးက ပြောသည်။
“ထိတွေ့မှုဆိုတာ တအားကြီးတော့ မဟုတ်ဘူး။ ဟိုဘက်၊ ဒီဘက် အပြန်အလှန်ပစ်ကြတာပေါ့။ အနီးကပ် တော့ မဟုတ်ဘူး။”
တိုက်ပွဲဖြစ်ပွားသည့် ပထမရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး ဒုတိယရက်တွင် ထိခိုက်မှုမရှိဟု ကြားသိရသော်လည်း အတည်မပြုနိုင်သေးကြောင်း ၎င်းကဆိုသည်။
“အထိအခိုက်ကတော့ မပြောတတ်ဘူး။ ဖြစ်တာကတော့ နှစ်ရက်ပေါ့။ နှစ်ရက်မှာမှ တနေ့ညနေပိုင်းမှာ ထိတွေ့မှုဖြစ်သေးတယ်လေ။ အဲ့အခါတုန်းက စစ်ကောင်စီဘက်က နှစ်ယောက်ဒဏ်ရာရတယ်လို့ ကြားတယ်။ မနေ့တုန်းကတော့ အထိခိုက်တော့မရှိဘူး၊ စစ်ကောင်စီဘက်က”
တိုက်ပွဲ ဖြစ်ပွားစဉ် စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နဘားကျေးရွာ လမ်းဆုံရှိ ရန်အောင်မင်္ဂလာ ဘုန်းကြီးကျောင်းနှင့် ဒေသခံနေအိမ် ငါးလုံးထက်မနည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်များသည် အင်းတော်မြို့နယ်သို့ ပြန်လည်ထွက်ခွာသွားပြီး ယနေ့ နံနက်တွင် အင်းတော်မြို့ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် အရပ်သားလူနေအိမ်တစ်လုံး ထပ်မံထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၂ ရက်နေ့ကလည်း နဘားကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ဖြတ်သန်းသွားလာသည့် ကားတစ်စီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ သည့်အတွက် အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။