စစ်ကောင်စီက တရုတ်နဲ့ ရုရှားထံက လက်နက်တင်သွင်းမှုများလာပြီး လက်နက်တင်သွင်းမှုရဲ့ ၉၈ ရာခိုင်နှုန်းဟာ လေကြောင်းအသုံး စရိတ်ဖြစ်
13 September 2023 – Kachinwaves
ပြည်တွင်းစစ်မှာ လေကြောင်းအသုံးပြုတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ၂၀၂၂ ခုနှစ် စစ်လက်နက်တင်သွင်းမှုရဲ့ ၉၈ ရာခိုင်နှုန်း ဟာ လေကြောင်းအသုံးစားရိတ်ဖြစ်တယ်လို့ Myanmar Witness က ယနေ့ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်မှာ စစ်ကောင်စီက ၂၀၂၂ ခုနှစ်၏ စစ်လက်နက်တင်သွင်းမှုအသုံးစားရိတ်အဖြစ် ဒေါ်လာ ၃၉၄ မီလီယံအသုံးပြုခဲ့ပြီး ၎င်းအနက် လေကြောင်းအတွက် အသုံးစားရိတ်မှာ ၃၈၉ မီလီယံရှိခဲ့ကြောင်း ပါရှိပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတင်ပို့ရောင်းချသည့် အဓိကနိုင်ငံများမှာ တရုတ်နဲ့ ရုရှားအများဆုံးဖြစ်ပြီး စင်ကာပူနိုင်ငံလည်း ပါဝင်ပတ်သက်နေပြီး၊ Stockholm International Peace Research Institute က ပွင့်လင်းမြင်သာစွာဖော်ပြထားတဲ့ လက်နက်တင်ပို့မှု မှတ်တမ်းတွေအရ ၂၀၂၂ ခုနှစ်မှာ တရုတ်နဲ့ ရုရှားတို့က မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ ရောင်းချမှုဟာ သိသိသာသာတိုးမြှင့်လာကြောင်း တွေ့ရှိရပါတယ်။
ယခုနှစ် မေလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီကပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု ၈၂၀ ကြိမ်ရှိခဲ့ပြီး အရပ်သားသေဆုံးသူ ၂၇၀ ဦးရှိတယ်လို့ ပါရှိပါတယ်။
၂၀၂၃ ခုနှစ်ရဲ့ ပထမလေးလတာအတွင်းမှာတော့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်အရေအတွက်ဟာ ပိုမိုတိုးမြှင့်လာခဲ့ပြီး သေဆုံးသူအရပ်သားဦးရေ ၂၉၀ ကျော်ထိရှိလာတယ်လို့ ပါရှိပါတယ်။
အခုလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ သေဆုံးနေရပေမဲ့ ၂၀၂၃ စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပနေတဲ့ အာဆီယံလေတပ်ဦးစီးချုပ်များ ညီလာခံကို စစ်ကောင်စီက အိမ်ရှင်အနေနဲ့ လက်ခံကျင်းပနေပါတယ်။
လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ ညီလာခံကို မတက်ရောက်ဖို့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတို့နည်းတူ ငြင်းဆိုကြရန် ကျန်အာဆီယံနိုင်ငံတွေကို Justic for Myanmar က လွန်ခဲ့တဲ့ငါးရက် (စက်တင်ဘာ ၇ ) ရက်နေ့က တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။
အရပ်သားတွေကို စစ်ရေးပစ်မှတ်အဖြစ် သဘောထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ် လက်နက်တင်သွင်းရေးမှာ အဆင့် (၃) မှာ ပါဝင်ပတ်သက်နေတဲ့ စင်ကာပူအစိုးရလည်း လေယာဉ်ဆီ၊ စစ်ဘက်သုံး လက်နက်ပစ္စည်းတွေနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ရောင်းချနေမှုကို ရပ်တန့်ပေးဖို့ တိုက်တွန်းတဲ့ လက်မှတ်ထိုးကမ်ပိန်းကို Blood Money Campaign (BMC) က ဦးဆောင်ပြုလုပ်နေပါတယ်။