ကချင်ပြည်နယ် အင်းတော်ကြီး ဒေသတွင် KIA၊ KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီစစ်ကြောင်း တိုက်ပွဲဖြစ်
13 Septemmber 2023 – Kachinwaves
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီးဒေသတွင် ယနေ့နံနက် ၆ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်နှင့် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ခမရ (၁၁၁) စစ်ကောင်စီတပ်နှင့် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း အင်းတော်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စစ်ကောင်စီဘက်ကလည်း ပစ်တယ်။ ကျွန်တော်တို့ဘက်ကလည်း ပစ်တယ်။ နှစ်ဖက်ပစ်ခတ်မှုပေါ့။”ဟု ပြောသည်။
ယခုလက်ရှိ (သတင်းမေးမြန်းသည့်အချိန်နံနက် ၁၀ နာရီခွဲ) တွင် တိုက်ပွဲယာယီရပ်တန့်သွားသော်လည်း စစ်ရေးအခြေ အနေ တင်းမာနေဆဲဖြစ်၍ တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာ ၁၀ ရက်နေ့ညက အင်းတော် – မော်လူးဘက်မှ တက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေသည့် မိုင်းနောင်ကျေးရွာသည် ဟိုပင် – ဖားကန့်ဆက်သွယ်ထားသည့် လမ်းမကြီးဘေးတွင် တည်ရှိ သည်။
ယခုလက်ရှိ အင်းတော်ကြီးဒေသအတွင်း စစ်ကောင်စီစစ်ကြောင်းများ လှုပ်ရှားနေပြီး ရွှေတူးဖော်ခွင့်ကို ပိတ်ပင်ထားကြောင်းလည်း သိရသည်။