တိုင်းပြည် မငြိမ်သက်မှုဖြစ်နေချိန်တွင် ဗန်းမော်မြို့ရှိ မနောင်တိုင်တော် ဖွင့်ပွဲကျင်းပရန် စီစဉ်နေမှုကို ဒေသခံများ ရွှေ့ဆိုင်းစေလို
14 September 2023 – Kachinwaves
ကချင်ပြည်နယ် ဗန်းမော်မြို့ နှစ်မိုင်အောင်သာရပ်ကွက်တွင် ဆောက်လုပ်ပြီးစီးထားသော ကချင်ရိုးရာ မနောင်တိုင်တော်ဖွင့်ပွဲကို လာမည့် နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ကျင်းပသွားရန် ပြင်ဆင် နေခြင်းအား ရွှေ့ဆိုင်းပေးရန် ဒေသခံများလိုလားကြောင်း သိရသည်။
တိုက်ပွဲများဖြစ်ပွားနေပြီး နယ်မြေ မငြိမ်မသက်ဖြစ်နေသည့် အချိန်ကာလဖြစ်နေ၍ ပွဲကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းစေလိုခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
၂၀၁၉ ခုနှစ်မှစပြီး ဗန်းမော်မြို့ နှစ်မိုင်အောင်သာတွင် တည်ဆောက်လာခဲ့သည့် မနောင်တိုင်တော်သည် ပြီးစီးသွားပြီဖြစ်၍ ဖွင့်ပွဲကျင်းပရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ပြည်သူတွေကတော့ အခုအချိန်က တိုက်ပွဲတွေလည်းဖြစ်နေတော့ မသင့်တော်ဘူးလို့ ထင် တာပေါ့။ အဲတာကြောင့် အချိန်ရွှေ့ပေးဖို့ အလိုရှိနေကြတယ်။ နိုင်ငံရေး အခြေအနေ ကောင်းတဲ့အချိန်မှပဲ လုပ်ဖို့ အလိုရှိနေကြတယ်။ အခုက စစ်ကောင်စီကလည်း တော်တော်အားစိုက်ပြီး ပါဝင်ပေးဖို့ လုပ်နေတယ် လို့လည်း ကြားတယ်။”ဟု ဗန်းမော်ဒေသခံတစ်ဦးက ဆိုသည်။
မြစ်ကြီးနား – ဗန်းမော် လမ်းတစ်လျှောက်တွင် ယခုနှစ် ဇူလိုင်လမှစပြီး စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်များ နေ့စဉ်လိုလို တိုက်ပွဲများဖြစ်ပွားပြီး ဗန်းမော်နှင့် ရွှေကူမြို့နယ်များတွင်လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။
ဗန်းမော်မြို့နှင့် မိုးမောက်မြို့နယ်မှ ကျေးရွာပြည်သူ တစ်ထောင်ကျော်လည်း တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည်။