ဖားကန့်မြို့အတွင်း မီတာဖတ် စစ်ကောင်စီဝန်ထမ်းများကို သတိပေးသည့် မိုင်းနှစ်လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့သည်ဟု ဆို
13 September 2023 – Kachinwaves
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယမန်နေ့ညဦးပိုင်းက အသံမိုင်းနှစ်လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့ ကြောင်း သိရသည်။
ဖားကန့်မြို့အထွက် ပန်းတင်တံတားအနီးတွင် ည ၇ နာရီခန့်က ပေါက်ကွဲခဲ့ပြီးနောက် တစ်နာရီအကြာတွင် ဖားကန့်၊ ကျောက်ဝိုင်းတွင်လည်း ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“စစ်ကောင်စီက ညကြီးလုံခြုံရေးချပြီး မီတာတွေ ဖတ်နေလို့ သတိပေးခံရတာ။ KPDF က သတိပေးတာ နေမှာ။ ဒီနေ့စဖတ်တာ။ အရင်ကမရှိဘူး။”ဟု ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် ပရဟိတယာဉ်တစ်စီး၏ နောက်မှန် မိုင်းစထိမှန်၍ ပျက်စီးသွားကြောင်းလည်း သိ ရသည်။
အာဏာသိမ်းမှုနောက်ပိုင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်း တပ်တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။ ထို့အပြင် ဖားကန့်မြို့သည် အာဏာသိမ်းပြီးနောက် ဓားပြတိုက်မှု၊ လုယက်မှုနှင့် လက်သည်မပေါ်သည့် လူသတ်မှုများ အများဆုံးဖြစ်သည့် ကချင်ပြည်နယ်က မြို့ဖြစ်သည်။