ဒုတိယ လွတ်လပ်ရေးကို တိုက်ယူပေးမယ့် တပ်မတော် ဖြစ်နိုင်မလား။
Opinion – 27 August 2023 – Kachinwaves
နိုင်ငံရေးအရ လက်နက်ကိုင် တော်လှန်ရေး လိုအပ်တယ်လို့ မြန်မာပြည်သူတွေ တညီတညွတ်တည်း တောင်းဆိုတာ နှစ်ကြိမ်ရှိပြီလို့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသား နိုင်ငံရေးသမား၊ စာရေးဆရာဖြစ်တဲ့ ကိုဂျင်မီက ပြောဆိုခဲ့ပါတယ်။ အဲဒီနှစ်ကြိမ်ဟာ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တဲ့အချိန်နဲ့ လက်ရှိ အာဏာ ရှင်စနစ် တော်လှန်ရေး ဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရကလည်း “အကြမ်းဖက် စစ်အာဏာရှင်အား အမြစ်ဖြတ်၍ ဒုတိယ လွတ်လပ်ရေးကို အရယူပြီး နိုင်ငံသစ်ကိုထူထောင် နိုင်ကြရန် လက်ရှိ ရရှိလျက်ရှိသော စည်းလုံးညီညွတ်မှုဖြင့် ရှေ့ဆက် ချီတက်သွားကြပါစို့”လို့ ဒီနှစ် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကနေ တိုက်တွန်းလိုက်ပါတယ်။ နှစ်ပေါင်းခုနှစ်ဆယ်ကျော်ကြာမှ တညီ တညွတ် ပြန်လည်ရွေးချယ်လိုက်တဲ့ လက်နက်ကိုင် တော်လှန်ရေးကနေ ဒုတိယ လွတ်လပ်ရေး တကယ် ရတော့မလား။
ပြည်သူတွေ လက်နက်ကိုင် တော်လှန်ရေးမှာ ညီညွတ်ရတာကလည်း ဖက်ဆစ်ဂျပန်က ဆိုးရွားရိုင်းစိုင်းခဲ့ သလို၊ လက်ရှိ အာဏာသိမ်းစစ်တပ်ကလည်း ရက်စက်ကြမ်းရမ်းလာတဲ့အတွက် နိုင်ငံရေး ထွက်ပေါက် ပိတ်ပြီး ပြည်သူတွေဟာ မိမိကိုယ်ကို ခုခံကာကွယ်လာရတဲ့အတွက် ဖြစ်တယ်လို့ ကိုဂျင်မီက ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ Myanmar Now နဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုမှာ သုံးသပ်ရှင်းပြ ခဲ့တာကိုတွေ့ရပါတယ်။
တကယ်တော့ ဂျပန်နဲ့ ဆက်သွယ်ပြီး စစ်ပညာသင်ယူကာ နယ်ချဲ့ အင်္ဂလိပ်ကို တိုက်ခဲ့တာလည်း ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် ဖြစ်ပါတယ်။ ဒါပေမဲ့ ဖက်ဆစ်ဂျပန်က ရက်စက်ရိုင်းစိုင်းလာတဲ့အခါ ပြန်လည် တိုက်ထုတ်ဖို့ သူကိုယ်တိုင် လက်နက်ကိုင် တော်လှန်ရေးကို ဦးဆောင်ပြီး မြန်မာပြည်သူတွေနဲ့အတူ ညီညွတ်စွာ တိုက်ထုတ်ခဲ့ကြပါတယ်။
စိတ်မကောင်းစရာက ဒီကနေ့ မြန်မာပြည်သူတွေကိုယ်တိုင် ရရာလက်နက် ဆွဲကိုင်တော်လှန်နေရတဲ့ စစ်တပ်ဟာ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ “ရဲဘော်သုံးကျိပ်”ကနေ ပေါက်ဖွား လာတဲ့ စစ်တပ်ဖြစ်နေပါတယ်။
ကိုဂျင်မီပြောသလို ပြည်သူတွေက အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်မှပဲရတော့မယ်လို့ တညီ တညွတ် သဘောတူလာကြတာမှန်ပေမဲ့ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တဲ့အချိန်နဲ့ မတူတာက ပြည်သူတွေ တညီတညွတ်တည်း လက်ခံယုံကြည်အားကိုးတဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်မျိုး လက်ရှိ လက်နက်ကိုင် တော်လှန်ရေးမှာ မတွေ့ရသေးတာက အားနည်းချက်တစ်ခု ဖြစ်နေတယ်လို့ စာရေးသူ သုံးသပ်မိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းလည်း တော်လှန်ရေးပြိုင်ဘက်မရှိ မဟုတ် ရှိခဲ့ပေမဲ့ ပြည်သူ့နှလုံး သိမ်းကြုံးနိုင်ခဲ့သူက သူသာ ဖြစ်တဲ့အတွက် တော်လှန်ရေး အောင်မြင်ဖို့ သူ့ဦးဆောင်မှုကို လက်ခံပြီး ညီညွတ်ခဲ့ကြပါတယ်။
“ညီညွတ်ရေးသည် အင်အားဖြစ်သည်ဟု ဟိုင်နန်ကျွန်းရောက် ရဲဘော် သုံးကျိပ်က လက်ခံကြသည်။
သူတို့သည် ဘဝမတူ၊ အစည်းအရုံးမတူမှ လာကြသည်။ ကျောင်းသားများ၊ စာရေးစာချီ၊ အလုပ်သမား၊ လယ်သမားများ၊ တို့ဗမာအစည်းအရုံး၏ ကွဲနေသော အဖွဲ့နှစ်ဖွဲ့မှ သခင်များ၊ သို့ရာတွင် မည်သူ့ပင် ဘဝမတူ ဂိုဏ်းမတူစေကာမူ မျိုးချစ်စိတ်ဖြင့် စွန့်စားလိုသူများ ဖြစ်ကြရာတွင် တူသည်။ အရေးကြီး၍ သွေးစည်း ညီညွတ်ကြသည်။ သခင်အောင်ဆန်းကို ခေါင်းဆောင်အဖြစ် လေးစားစွာ လက်ခံကြသည်။”လို့ ဒေါက်တာမောင်မောင် ရေးတဲ့ “နိုင်ငံတော်လုပ်ကြံမှု” စာအုပ် (စာမျက်နှာ ၂၉) မှာ တွေ့ရပါတယ်။
ဖက်ဆစ်ဂျပန်တော်လှန်ရေးနဲ့ လက်ရှိ အာဏာရှင်တော်လှန်ရေးဟာ မတူတဲ့ ရာစုနှစ်တွေမှာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပေမဲ့ စည်းရုံးနိုင်တဲ့ ခေါင်းဆောင်မှုနဲ့ ညီညွတ်ရေးဟာ တော်လှန်ရေး အောင်မြင်ဖို့အတွက် လိုအပ်ချက် ဖြစ်တာကတော့ အတူတူဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ကိုဂျင်မီကပဲ လက်ရှိ အာဏာရှင် တော်လှန်ရေး အောင်မြင်ဖို့အတွက် ညီညွတ်မှု သုံးခု အရေးကြီးတယ်လို့ ပြောသွားခဲ့ပါတယ်။
“ကျနော်တို့က အာဏာရှင်စနစ်ကို နိုင်ဖို့ဆိုလို့ရှိရင် ကျနော်တို့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ညီညွတ် မှု သုံးပါး၊ အဲဒီ ညီညွတ်မှု သုံးပါးကို တည်ဆောက်ရမယ်။ ပထမက ကျနော်တို့ အတွေးအခေါ်အရ ညီညွတ် မှု၊ ဒုတိယက အဖွဲ့အစည်း ညီညွတ်မှု၊ တတိယက လုပ်ငန်း ညီညွတ်မှု အဲဒီညီညွတ်မှု သုံးခုကို တည်ဆောက် ရမယ်။”လို့ Myanmar Now နဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုမှာပဲ ပြောခဲ့တာကို တွေ့ရပါတယ်။
အတွေးအခေါ် ညီညွတ်မှုကို ၁၉၈၈ တော်လှန်ရေး ကာလကတည်းကနေ ရရှိခဲ့ပေမဲ့ ၈၈ မှာ အဖွဲ့အစည်း ညီညွတ်မှုနဲ့ လုပ်ငန်း ညီညွတ်မှုတွေမှာ အားနည်းချက်တွေ ရှိခဲ့တယ်လို့ ကိုဂျင်မီက ဆိုပါတယ်။ ၂၀၂၁ နွေဦးတော်လှန်ရေးကနေ ဖြစ်ပေါ်လာတဲ့ တော်လှန်ရေးမှာကျတော့ အတွေးအခေါ်၊ အဖွဲ့အစည်း၊ လုပ်ငန်း ဒီသုံးခုစလုံးမှာ ညီညွတ်မှု အမြင့်ဆုံး၊ အားအကောင်းဆုံး ဖြစ်ပြီးတော့ ပြည်သူတွေ ညီညွတ်မှု အရှိန်ရ သွားပြီ ဖြစ်တဲ့အတွက် တော်လှန်ရေးဟာ အောင်မြင်မယ်လို့ သူယုံကြည်တဲ့အကြောင်း ယုံကြည်မှုရှိရှိ ပြတ်သားရှင်းလင်းစွာ ရှင်းပြခဲ့တာကို တွေ့ရပါတယ်။
ခြုံပြောရရင် လက်ရှိ အာဏာရှင်တော်လှန်ရေးမှာ ဗမာတိုင်းရင်းသားတွေ အတွေးအခေါ်၊ အဖွဲ့အစည်း၊ လုပ်ငန်း ညီညွတ်မှုတွေ ဆက်လက် စုစည်းအားကောင်းနေပြီး ခေါင်းဆောင်မှုလည်း ထပ်ဖြည့် အားကောင်း လာကာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ မဟာမိတ်လက်တွဲမှုလည်း ခိုင်မာ အားကောင်းနေမယ်ဆိုရင် စစ်အာဏာရှင် တော်လှန်ရေးဟာ အမြန်အောင်မြင်နိုင်ချေ ရှိပါတယ်။ တော်လှန်ရေး အောင်မြင်ရင်တော့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသား တော်လှန်ရေး တပ်တွေလည်း ဒုတိယ လွတ်လပ်ရေးကို တိုက်ယူပေးတဲ့ တော်လှန်ရေးတပ်တွေ ဖြစ်လာနိုင်ပါတယ်။