ကချင် စစ်ဘေးရှောင်များ၏ မပြီးဆုံးနိုင်သော သံသရာ
Opinion – 21 August 2023 – Kachinwaves
KIO နှင့် မြန်မာ့တပ်မတော်ကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီးနောက် ၂၀၁၁ ခုနှစ်တွင် တစ်ကျော့ပြန် ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသော စစ်ဘေးရှောင်များမှာ တစ်သိန်းကျော်ရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ်မှစ၍ အစိုးရ၊ တပ်မတော်၊ ကေအိုင်အို နှင့် ဘာသာရေး ခေါင်းဆောင် များ ပူးပေါင်းကာ နေရပ်ပြန်ရေး စီစဉ်ဆောင်ရွက်မှုများ ရှိခဲ့ပါသည်။ ထို့နောက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့ပေးမှု ပြည့်စုံလုံလောက်မှု မရှိသလို လုံခြုံရေးအတွက် အာမခံချက်များ မရှိသော်လည်း စခန်းအတွင်း ခိုလှုံနေရေးအတွက်လည်း အခက်အခဲများလာသဖြင့် ကျေးရွာအချို့သည် အရဲစွန့်ကာ နေရပ်ကျေးရွာသို့ ပြန်လည်အခြေချ နေထိုင်ရေးကို စွန့်စားလုပ်ဆောင်လာကြသည်။
မြစ်ကြီးနား – ဗန်းမော်လမ်းရှိ ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာသည် အစိုးရနှင့် ကေအိုင်အို နှစ်ဖက် စလုံး ၏ သဘောတူညီချက်ဖြင့် နေရပ်ပြန်ရေး အစီအစဉ်အရ ဆောင်ရွက်ခဲ့သည့် ကျေးရွာဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် နမ်ဆန်ယန် အလယ်တန်းကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ အဆိုပါ ကျောင်းသည် စစ်ဘေးရှောင်ပြီး ရှစ်နှစ်အကြာတွင် နေရပ်ပြန်ပြီး ပထမဆုံး ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သည့် အစိုးရထိန်းချုပ်နယ်မြေရှိ ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။
အစိုးရ ထိန်းချုပ်နယ်မြေနှင့် KIO ထိန်းချုပ်နယ်မြေများတွင် စစ်ဘေးရှောင် ပြည်သူ စုစုပေါင်း တစ်သိန်းတစ် သောင်းမှ တစ်သိန်းနှစ်သောင်းကြား ရှိနေခဲ့ပါသည်။ ၂၀၂၁ အာဏာ သိမ်းမှုနောက်ပိုင်း တိုက်ပွဲများ ပြန်လည် ပြင်းထန် လာခြင်းကြောင့် စစ်ဘေးရှောင်အရေအတွက် ပိုမိုတိုးများလာသည်။ ထို့အပြင် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ပိုမိုပြင်းထန်လာသော စစ်အရှိန်ကြောင့် နေရပ်ပြန်နေထိုင်ခဲ့ကြသော စစ်ဘေးရှောင်များ ထပ်မံအိုးအိမ်စွန့်ခွာကာ ထွက်ပြေးနေရသည်။
United Nations Myanmar ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြချက်အရ နမ်ဆမ်ယန်ကျေးရွာအနီး တိုက်ပွဲများပြင်းထန်လာသည့်အတွက် ဇူလိုင်လ ၂၆ ရက်နေ့အထိ နေရပ်ပြန်စစ်ရှောင်ပြည်သူ ၇၀၀ ကျော် တိမ်းရှောင်ခဲ့ရကြောင်း တွေ့ရသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် ပဋိပက္ခနှင့် မလုံခြုံမှုများ ကြောင့် မြန်မာနိုင်ငံ၏ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးကြရသည်ဟုလည်း တွေ့ရ ပါသည်။
၂၀၁၉ ခုနှစ်တွင် ဘာသာရေး ခေါင်းဆောင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများ ဦးဆောင်ဖွဲ့စည်းသည့် “ကချင်ဒေသရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ” Kachin Humanitarian Concern Committee (KHCC) ၏ ညှိနှိုင်းဆောင်ရွက်မှုအရ အစိုးရ၊ တပ်မတော်နှင့် ကေအိုင်အို တို့ကြား စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ၂၆ ရွာ နေရပ်ပြန်နိုင်ရေးအတွက် ဆွေးနွေးသဘောတူညီမှု ရယူထားခဲ့သည်။ ၄င်းကျေးရွာများတွင် မိုင်းရှင်းလင်းရန်လိုအပ်လျှင် တပ်မတော် က ရှင်းလင်းရေး လုပ်ဆောင်သွားမည်အထိ သဘောတူညီမှုရှိခဲ့သည့်အပြင် ရွာများတွင် လိုအပ်သည့် ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေးများကို လိုအပ်သလို ညှိနှိုင်းဆောင်ရွက် သွားရန်အထိ ဆွေးနွေးနိုင်ခဲ့သည်ကို ၂၀၂၀ ခုနှစ် ဒီဇင်လာလ ၁၇ ရက်နေ့က Eleven Media သတင်း စာမျက်နှာ၌ ဖော်ပြခဲ့သည်ကို တွေ့ရပါသည်။
NLD အစိုးရလက်ထက် ဆွေးနွေးထားခဲ့သော ကချင် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးသည် စစ်အာဏာ သိမ်းမှုကြောင့် အကောင်အထည်ဖော်မှု ကမောက်ကမ ဖြစ်သွားခဲ့ရသည်။ ယခုနှစ်တွင် မြစ်ကြီးနား – ဗန်းမော် လမ်း တစ်လျှောက်တွင် တိုက်ပွဲများ ပြင်းထန်လာသည့်အတွက် ကျေးရွာပြည်သူများ ထပ်မံထွက် ပြေးခဲ့ရရာ ကချင် စစ်ရှောင်များ၏ နေရပ်ပြန်နိုင်ရေးသည် “မျှော်လေတိုင်းဝေး ရွှေပြည်တော်ရယ်” ပမာဖြစ်နေရပါသည်။
အရပ်သားဦးဆောင်သည့် အစိုးရလက်ထက်မှာ ဆွေးနွေးသဘောတူညီခဲ့ကြပြီး စတင်အကောင်အထည် ဖော်လာခဲ့သော ကချင် စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး စီမံကိန်းသည် သဲထဲရေသွန် ဖြစ်ခဲ့ရလေပြီ။
…………………
ယခုဆောင်းပါးကို ကချင်လူငယ် အမျိုးသမီး ကလောင်အမည် “YUME” ရေးသားသည်။