NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကြား သပ်လျှိူချင်တဲ့ အကွက်
Opinion – 3 September 2023 – Kachinwaves
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပူးပေါင်းနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာသွားဖို့ရှိမရှိ ဆိုတဲ့မေးခွန်းကို စစ်ကောင်စီရဲ့ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက “သူတို့ရဲ့ လုပ်ဆောင်ချက်ပေါ်မှာပဲ မူတည်ပါလိမ့်မယ်”လို့ ဖြေပြီး NCA လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့ အမြဲတမ်းဖိတ်ခေါ်နေတယ်လို့လည်း ပြောခဲ့ပါတယ်။ ဘာကြောင့် စစ်ကောင်စီဟာ CRPH၊ NUG နဲ့ PDF တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် တရားဝင် ထုတ်ပြန်ကြေညာပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကိုကျတော့ မကြေညာဘဲနဲ့ တိုက်ခိုက်နေရတာလဲ။
အမှန်တကယ်တော့ စစ်ကောင်စီဟာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ်သာ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိပေမဲ့ စစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းထဲမှာတော့ အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်တဲ့သဘောတွေ ထုတ်ဖော်ပြောကြားပြီးသား ဖြစ်ပါတယ်။
စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြမ်းဖက်အဖွဲ့အစည်းကို အားပေးထောက်ခံနေတဲ့ အဖွဲ့တွေကို နှိမ်နှင်းသွားမယ်လို့ ဒီနှစ် မတ်လ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ တပ်မတော်နေ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့ဖွဲ့ချင်းမကြာမီမှာပဲ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် စစ်ကောင်စီ ကြေညာတာဟာ ၎င်းတို့ဖွဲ့စည်းထားတဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” နဲ့ “အိမ်စောင့်အစိုးရ”တို့ရဲ့ စင်ပြိုင်အဖွဲ့အစည်းတွေအဖြစ် ရှုမြင်တဲ့အတွက်၊ သူတို့စစ်ကောင်စီသာ မြန်မာနိုင်ငံရဲ့ လက်ရှိ အစိုးရဖြစ်ကြောင်း ပုံဖမ်းနေခြင်း ဖြစ်ပါတယ်။
အဲဒါကြောင့် နိုင်ငံတကာမှာ NUG အစိုးရကို ထောက်ခံ အသိအမှတ်ပြုတဲ့ လုပ်ဆောင်ချက်တွေကို စစ်ကောင်စီက ကန့်ကွက်နေတာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ (၁၁) နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာဖို့ မူအားဖြင့် သဘောတူထားတဲ့ အရှေ့တီမောအစိုးရက NUG အစိုးရကို အသိအမှတ်ပြု ဆက်ဆံလာတဲ့အခါ စစ်ကောင်စီက အရှေ့တီမော သံရုံးတာဝန်ခံကို နှင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
တစ်ခြားတစ်ဖက်မှာလည်း စစ်ကောင်စီကို CRPH နဲ့ NUG တို့က အကြမ်းဖက်အဖွဲ့အဖြစ် တရားဝင် ကြေညာထားပြီးဖြစ်သလို နိုင်ငံတကာ မျက်နှာစာမှာ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြရန် တိုက်တွန်းတောင်းဆိုကြတာ ဖြစ်ပါတယ်။
ဩဂုတ်လ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) ကို ဗိုလ်ချုပ်ဇော်မင်းထွန်း စွပ်စွဲပြောဆိုတဲ့အချက်တွေဟာ ဗမာတိုင်းရင်းသားပြည်သူ အချင်းချင်းကြား သွေးခွဲနိုင်ဖို့အတွက် KIA ကို ဆွဲထည့်အသုံးချလိုက်တယ်ဆိုတာ ပေါ်လွင်နေပါတယ်။ အဲသလိုစွပ်စွဲမှုတွေပြောပြီးတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့ အမြဲတမ်းဖိတ်ခေါ်နေတယ်လို့ မေးခွန်းတစ်ခုအတွက် ဖြေကြားချက်ကို အဆုံးသတ်ထားပါတယ်။ အလားတူ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့မှာလည်း စစ်ကောင်စီနဲ့ ဆွေးနွေးလိုတဲ့ တစ်ချို့ခေါင်းဆောင်တွေ ရှိနေတဲ့အတွက် အကြမ်းဖက်အဖွဲ့အဖြစ် မကြေညာခြင်းဖြစ်သယောင် ဖြေကြားခဲ့ပါတယ်။ NUG နဲ့ ပူးပေါင်းနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအဖြစ် သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့တဲ့ အဖွဲ့အစည်းတွေဟာ KNU၊ KIA၊ KNPP၊ CNF တွေ ဖြစ်ပါတယ်။
အထက်ပါအချက်တွေကို ကြည့်ရင် စစ်ကောင်စီက သူတို့ရဲ့ စင်ပြိုင်အဖွဲ့ဖြစ်တဲ့ NUG အစိုးရကို ပြတ်ပြတ်သားသား ပြောဆိုဆက်ဆံပြီး ကျန်တဲ့တိုင်းရင်းသားအဖွဲ့တွေကို နှစ်ဖက်ခွ ပြောဆိုနေခြင်းဟာ မြန်မာအစိုးရအဖြစ် နိုင်ငံတကာ မျက်နှာစာမှာ အသိအမှတ်ပြုမှုရယူလိုတဲ့ စစ်ကောင်စီအတွက် မလွဲမသွေ လုပ်ဆောင်ရမယ့် ကိစ္စဖြစ်နေပါတယ်။
တိုင်းရင်းသား အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် တရားဝင် ကြေညာမှုကြောင့် တစ်ဖက်ကပူးပေါင်းမှု ပိုမိုအားကောင်းသွားစေပြီး အကျိုးထက်အပြစ်များစေမယ့် လုပ်ရပ်မျိုးကို ရှောင်ရှားတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ တရားဝင် မကြေညာပဲ တိုက်ခိုက်နှိမ်နှင်းပြီး NUG နဲ့ ပူးပေါင်းဆောင်ရွက်မှုကို လမ်ခွဲဖို့ ဖိအားပေးနေတဲ့ သဘောဖြစ်ပါတယ်။
ခြုံငုံကြည့်တဲ့အခါ ပြည်သူလူထုရဲ့ ဆန့်ကျင်တော်လှန်ခြင်း ခံနေရတဲ့ စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့အဖြစ် တရားဝင် ထုတ်ပြန်ကြေညာတာဖြစ်ဖြစ်၊ မကြေညာတာဖြစ်ဖြစ် သိပ်မှုစရာအကြောင်း မရှိတော့ပါ။ စစ်ကောင်စီက သူတို့အတွက် အကျိုးထက်အပြစ်ပွားစေမယ့် ကိစ္စဖြစ်နေလို့သာ ထုတ်ပြန်ကြေညာခြင်း မလုပ်ဘဲ တိုက်ခိုက်နှိမ်နှင်းရန် ကြိုးစားနေတယ်လို့ သုံးသပ်ပါတယ်။