စစ်ကောင်စီတပ်က တစ်ရက်ထဲ လေကြောင်းဖြင့် ၅ ကြိမ် တိုက်ခိုက်
18 August 2023 – Kachinwaves
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ရွှေကူ ပြည်သူ့ကာကွယ်ရေး (PDF)၊ KIA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ယနေ့တစ်ရက်ထဲ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကောင်းတုံရွာ၊ မြလယ်ရွာ၊ ငှက်ပျောတောရွာ၊ ဘူးတောင်းရွာများတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KPDF နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“မြလယ်ရွာမှာ မြေပြင်ထိတွေ့မှု ရှိနေတဲ့အတွက် လေကြောင်းပစ်ကူ လာပစ်ပေးနေတယ်လို့ သိရပါတယ်”ဟု ပြောသည်။
ယနေ့နံနက် ၄ နာရီမှစပြီး မွန်းလွဲ ၁ နာရီခန့်အထိ လေကြောင်းတိုက်ခိုက်သည်မှာ ငါးကြိမ်ထက်မနည်း ရှိခဲ့ကြောင်းသိရပြီး တိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာသည့်အတွက်ကြောင့် လေကြောင်းဖြင့် လာရောက်ဗုံးကြဲခြင်းဖြစ်သည်ဟု KPDF တပ်ဖွဲ့ဝင်များက ဆိုသည်။
လေယာဉ်ဖြင့် ဗုံးကြဲသွားသည့် ဧရာဝတီ မြစ်ကမ်းတစ်လျောက် ကျေးရွာများအနီးတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ သုံးရက်ခန့်ရှိပြီ ဖြစ်သည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းများသည် ဩဂုတ်လ ၁၆ ရက်နေ့က ရွှေကူမြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီသင်္ဘောများကို လုံခြုံရေးယူသည့် စစ်ကြောင်းဖြစ်ပြီး ယမန်နေ့ကလည်း ရွှေကူမြို့နယ် ဒုတိယ မြစ်ကျဉ်းအနီးရှိ ဇင်းဘုံကျေးရွာကို မီးရှို့ခဲ့သည့်အတွက် သစ်တောရုံးအပါအဝင် ဒေသခံနေအိမ် ၂၅ လုံး မီးရှို့ခံခဲ့ရကြောင်း သိရသည်။ ထို့အပြင် ယင်းတိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်ဘက်က သေဆုံးမှု များခဲ့သည်ဟု သိရသည်။