ကချင်ပြည်နယ်က NLD ၏ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး နေအိမ် ချိပ်ပိတ်ခံရပြန်
29 June 2022 – Kachinwaves
မြစ်ကြီးနားမြို့နှင့် ဖားကန့်မြို့ရှိ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၏ နေအိမ်များကို ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် ချိပ်ပိတ်လိုက်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ စစီတာပူရပ်ကွက်ရှိ အမျိုသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ် နှင့် ဖားကန့်မြို့ ရှရော်ခကျေးရွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းတို့၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။
နေအိမ်ချိပ်ပိတ်ခံရမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက ယခုလို ပြောသည်။
“ဟုတ်တယ် ဒီမနက် အစောပိုင်းမှာ သူတို့ အင်အားအများအပြားနဲ့ ရောက်လာတယ်။ အရပ်၀တ်နဲ့ကော ယူနီဖောင်းနဲ့ကော အိမ်စီးကားတွေနဲ့ရောက်လာပြီးတော့ ချိပ်ပိတ်သွားတာ”ဟု ပြောသည်။
စစ်ကောင်စီ၏ လုပ်ရိုးလုပ်စဥ် ဖြစ်ပြီး ကြိုတင် မျှော်လင့်ထားသည့် ကိစ္စဖြစ်၍ ချိပ်ပိတ်ခံရသည်ကို ဘာခံစားချက်မှ မရှိကြောင်း ဦးအောင်ဟိန်းမင်းက ဆက်ပြောသည်။
ကာယကံရှင်များ ဖြစ်ကြသည့် လွှတ်တော်ကိုယ်စား ၂ဦးစလုံးသည် လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်နေပြီး အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်နေကြသူများ ဖြစ်သည်။