စစ်ကောင်စီမှ ကျောင်းဖွင့်ရန်ကြိုးစားမှုအပေါ် အထွေထွေသပိတ်ကော်မတီထုတ်ပြန်
17 May 2022-Kachinwaves
ကျောင်းသူ/သား ပညာရေးဝန်ထမ်းများကို ဖမ်းဆီး၊သတ်ဖြတ်မှုများပြုလုပ်နေပြီး တစ်ဖက်တွင် ကျောင်းများကို ပြန်ဖွင့်ရန် ကြိုးပမ်းနေသော စစ်ကောင်စီ၏လုပ်ရပ်သည် ဆေးလိပ်ရောင်းချသူမှ အဆုတ်ကင်ဆာရောဂါကုဆေးရုံဖွင့်နေသည့် ပုံစံမျိုးဖြစ်နေကြောင်း အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီမှ ယနေ့ သဘောထားထုတ်ပြန်ချက် ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီ၏ ကျောင်းများဖွင့်ရန် ကြိုးပမ်းလာမှုနှင့် ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပညာရေးအပေါ် ရိုးဖြောင့်သော စိတ်စေတနာရှိ၍မဟုတ်ဘဲ ပညာရေးကို ၎င်းတို့အာဏာတန်ခိုး ကြီးထွားလာစေရေးအတွက် စစ်ရေး၊ နိုင်ငံရေးအရ အသုံးချခြင်း သက်သက်သာဖြစ်ကြောင်း ရေးသားထားသည်။
အမှားအမှန်ကို ခွဲခြားနိုင်ခြင်းဟူသော ပညာရေး၏မူလအရည်အသွေးမရှိသော ကိုယ်ကျိုး တစ်ခုသာကြည့်သည့် Non CDM ဆရာ၊ ဆရာမများတွင် ဖိနှိပ်ရေးဉာာဥ်ဆိုးရှိနေပြီး ၎င်းတို့၏ သင်ကြားမှုများဖြင့် အရည်အသွေးပြည့်ဝသော ပညာရေးစနစ်ကို စစ်ကျွန်ပညာရေးမှ လုံးဝရရှိနိုင်မည် မဟုတ်ကြောင်း ရှုမြင်သုံးသပ်ထားသည်။
စစ်ကျွန်ပညာရေးကို ဆန့်ကျင်ပြီး CDMဆရာ၊ ဆရာမများအနေဖြင့် အရည်အသွေးပြည့်ဝသော ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် ပေါ်ပေါက်ရေးအတွက် ကြားကာလ ပညာရေးလုပ်ငန်များကို အွန်လိုင်းမှသာမက ရပ်ရွာအခြေပြုမြေပြင်သင်ကြားရေးကိုပါ ကြိုးစား ဆောင်ရွက်လျှက်ရှိကြောင်း ရေးသားထားသည်။