စစ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူသေဆုံးသူ ၅၆၄၆ ထိရှိကြောင်း ISP Myanmar ထုတ်ပြန်
17 May 2022-Kachinwaves
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် နောက်ဆက်တွဲဖြစ်စဉ်များကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မေ ၁၀ ရက်အထိ သေဆုံးခဲ့ရသည့် အရပ်သားဦးရေ စုစုပေါင်း ၅,၆၄၆ ဦးထက်မနည်း ရှိခဲ့ကြောင်း ISP Myanmar ကထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ၃၅ဦး သေဆုံးခဲ့ကြောင်းလည်း ISP Myanmar ကထုတ်ပြန်ထားသည်။
နိုင်ငံတစ်ဝှမ်းအရပ်သားသေဆုံးခဲ့မှုတွင် စစ်ကိုင်းတိုင်းသည် စစ်ကောင်စီတပ်၏ ပစ်ခတ်ခြင်းခံရပြီး သေဆုံးသူ ၅၉၉ဦးထက်မနည်း ရှိခဲ့သည့်အတွက် အများဆုံးဖြစ်ကြောင်း ပါရှိသည်။
ရန်ကုန်တိုင်းတွင် အရပ်သားသေဆုံးမှု ၂၈၃ဦးရှိခဲ့သည့်အတွက် သေဆုံးမှု ဒုတိယအများဆုံးဖြစ်ပြီး မန္တလေးတိုင်းတွင် ၂၈၁ဦးရှိခဲ့ပြီး တတိယအများဆုံး ဖြစ်သည်။
၎င်းအရပ်သားပြည်သူများ သေဆုံးမှုတွင် ဆန္ဒပြနေစဥ်အတွင်း ပစ်ခတ်ခံရခြင်းနှင့် ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူ ၁,၈၃၁ဦး၊ စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုချက်နှင့် USDP ဥက္ကဌ၏ ပြောဆိုချက်တွေအရ သတင်းပေးဒလန်ဟု စွပ်စွဲခံရပြီး သတ်ဖြတ်ခြင်းခံရသူ ၃,၁၀၇ ဦး၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် သေဆုံးသူ ၆၉၀ ဦးနှင့် သွေးသောက်အဖွဲ့၏ သတ်ဖြတ်ခြင်းခံရသူ ၁၈ ဦးတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။
ပုံ။ 2021 မေ ၃ ရက်နေ့က စစ်ကောင်စီရဲ့လက်နက်ကြီ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် မိုးမောက်မြို့နယ်က ပြည်သူနှစ်ဦး