ကန့်သတ် ဖိတ်ကြားသည့် တွေ့ဆုံပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း KNU ထုတ်ပြန်
9 May 2022 – Kachinwaves
ကန့်သတ် ဖိတ်ကြားမှု ပုံစံဖြစ်ပြီး သက်ဆိုင်သူများ အားလုံးပါဝင်နိုင်သော အခင်းအကျင်းမဟုတ်သည့်အတွက် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ကြားသည့် ဆွေးနွေးပွဲကို တက်ရောက်နိုင်မည် မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ထုတ်ပြန်လိုက်သည်။
သက်ဆိုင်သူအားလုံး ပါဝင်မှုမရှိသည့်အတွက် ဖိတ်ကြားမှုတွင် မျှော်မှန်းထားသကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို မရရှိနိုင်သလို လက်နက်ကိုင်ပဋိပက္ခများကိုလည်း ချုပ်ငြိမ်းနိုင်မည် မဟုတ်ကြောင်း ရှုမြင်သုံးသပ်သည်ဟု ပါရှိသည်။
KNU ထိန်းချုပ်နယ်အများပိုင်းတွင် စစ်ကောင်စီတပ်နှင့် KNU/KNLA ပူးပေါင်းတပ်များကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံ စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်ရှိလာပြီဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များအား စစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ကြားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ကေအိုင်အို၊ ရခိုင့်တပ်မတော် (အေအေ)၊ တအောင်း (TNLA)၊ ABSDF၊ KNPP၊ CNF နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်တပ် (MNDAA)တို့ မတတ်ရောက်ကြောင်း သိရသည်။
ဧပြီလ ၂၂ရက်နေ့တွင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များအား ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ကိုယ်တိုင် လက်ခံတွေ့ဆုံမည်ဖြစ်ကြောင်းနှင့် တက်ရောက်ရန် စာရင်းပေးသွင်းမည့်ရက်ကို ယနေ့ မေလ ၉ရက်နေ့နောက်ဆုံးထားပြီ ပေးပို့ရန် ရုပ်မြင်သံကြားမှတဆင့် ၎င်းကိုယ်တိုင် ဖိတ်ခေါ်ပြောကြားခဲ့ပါသည်။