ဝန်းသိုမြို့နယ်မှာ PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရ
2 May 2022-Kachinwaves
စစ်ကိုင်းတိုင်း ဝန်းသိုမြို့ ဒုံးဒုတ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ ယနေ့ နေလည်၂နာရီခန့်မှ ယခုအချိန် ထိတိုက်ပွဲ ပြင်းထန်နေကြောင်း Wuntho Revolution အဖွဲ့မှအဖွဲ့ဝင်တစ်ဦးက ပြောသည်။
၎င်းတိုက်ပွဲတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်မှ တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်တွင် အထိအခိုက်အကျအဆုံးရှိကြောင်းလည်း Wuntho Revolution အဖွဲ့မှအဖွဲ့ဝင်တစ်ဦးက သည်။
“သူတို့ဘက်ကလည်း အကျအဆုံးရှိတယ်တဲ့ဗျ၊ တိုက်ပွဲမပြီးသေးတော့ အတိအကျမသိရသေးတာဗျ”ဟု ပြောသည်။
နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည့်အတွက် ဒုံးဒုတ်ရွာ အပါအဝင် ညောင်ပင်သာ၊ ထောက်ကြံ့တော၊ ညောင်ထောင်၊ အလယ်ခုံ၊ လက်ပံခုံ၊ ဩဂ၊ ကျွန်းကုန်း၊ အုတ်တိုက်ကုန်း စသည့်ကျေးရွာ ၉ရွာမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဧပြီ ၂၄ရက်နေ့တွင် ဝန်းသိုမြို့နယ်ရှိ ရွာ ၉ရွာကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးပေးခဲ့ပြီး စစ်ရှောင်ရွာပေါင်း ၄၀ကျော်နှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူ ၂သောင်း၅ထောင်နီးပါး ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။