ဘီးလင်းမြို့နယ် လေးကေ ကျေးရွာကို စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက် ပြည်သူ့နေအိမ်များ ပျက်စီး
2 May 2022-Kachinwaves
ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာကို စစ်ကောင်စီမှ မေလ ၁ရက်နေ့တွင် လေယာဥ်ဖြင့် (၂) ကြိမ်လာရောက်ပစ်ခတ်ခဲ့မှုကြောင့် လူနေအိမ် (၁၀) လုံးနှင့် သီလရှင်ကျောင်း (၁) ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် လေယာဉ် နှစ်စင်းဖြင့် ကျေးရွာအတွင်းသို့ နံနက် ၁၁နာရီခွဲခန့်တွင် တစ်ကြိမ်၊ မွန်းလွဲ တစ်နာရီခန့်တွင် တစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး ရွာသားများနှင့် KNU တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့အပြင် နေ့လည် (၁၂)နာရီခွဲ ဝန်းကျင်တွင်လည်း ကမမောင်းမြို့၊ ကိုးနဝင်ဘုန်းကြီးကျောင်းဘေး၌ တပ်စခန်းချနေသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၁၂၀ မမ)များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် လေးကေကျေးရွာရှိ ရာဘာခြံ၊ သီဟိုခြံ၊ ငှက်ပျောခြံ များ မီးလောင်ပျက်စီးခဲ့ပြီး တဲအိမ်တစ်လုံးနှင့် ရာဘာကြိတ်စက်တစ်လုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
လေးကေနှင့် ဝင်းတာပန်ရှိ စစ်ကောင်စီ-BGF ပူးပေါင်းတပ်စခန်း (၂)ခုကို ဧပြီလ (၂၃)ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာပေးရန် KNDO တပ်ရင်း (၂) ဌာနချုပ်မှ ကြေငြာချက်ထုက်ပြန်ထားသော်လည်း စစ်ကောင်စီတပ်များမှ လိုက်နာလုပ်ဆောင်ခြင်းမရှိသည့်အတွက် စစ်ရေးတင်းမာမှုများရှိလာခဲ့ကာ မေလ (၁) ရက်နေ့တွင် စစ်ကောင်စီမှ ကေအဲန်ယူ-သထုံခရိုင်အတွင်း ပထမအကြိမ် လေယာဥ်အသုံးပြုကာ စတင်ပစ်ခတ်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ရေးသားထားသည်။