မြစ်ကြီးနားမှာ သင်္ကြန်ကျင်းပရန် ပြင်ဆင်နေသည့်နေရာ မီးရှို့ဖျက်ဆီးခံရ၊ ဗုံးပေါက်ကွဲမှုလည်းဖြစ်
13 April 2022-Kachinwaves
ကချင်ပြည်နယ် မြစ်ကြီးနားမြို ပြည်သူ့ရင်ပြင်၌ ယနေ့ နံနက်ပိုင်းက သင်္ကြန်အကြိုနေ့ကျင်းပရန် ပြင်ဆင်ထားသည့်မုဒ်ဦး မီးရှို့ဖျက်ဆီးခံရပြီး နေ့လည်ပိုင်းတွင်လည်း ယုဇနရပ်ကွက်ရှိ ကြံခိုင်ရေးရုံးအနောက်တွင် ဗုံးဖောက်ခွဲခံရကြောင်း မြို့ခံတစ်ဦးက ပြောသည်။
ရေကစားသူလည်း မရှိသလောက်ဖြစ်ပြီး လူသွားလူလာများလည်း ပုံမှန်ထက်နည်းနေကြောင်းလည်း ဆိုသည်။
လမ်းလျှောက်သင်္ကြန်ကျင်းပရန် ပြည်သူ့ရင်ပြင်၌ ပြင်ဆင်ထားသည့် မုဒ်ဦး ယနေ့နံနက် ၄နာရီခန့်အချိန်တွင် မီးရှိဖျက်ဆီးခံရသည်။ ဖျက်ဆီးခံရသည့် မုဒ်ဦးကို စစ်ကောင်စီက ပြန်လည် ပြင်ဆင်လိုက်ပြီး သင်္ကြန်ကျင်းပနေကြောင်း သိရသည်။ ပြည်သူ့ရင်ပြင် အနီးအနားတွင် စစ်ကောင်စီရဲ၊ တပ်သားများက လုံခြုံရေးတင်းကြပ်ထားကြောင်းလည်း မြို့ခံတစ်ဦးက ဆိုသည်။
ထို့အပြင် ယုဇနရပ်ကွက်ရှိ ကြံ့ခိုင်ရေးရုံးနောက်တွင်လည်း ယနေ့နံနက် ၁၀ နာရီခွဲခန့်၌ ဗုံးပေါက်ကွဲမှုဖြစ်သည့်အတွက် ကားတစ်စီးမီးလောင်သွားသည်ဟု ပြောသည်။
“လူထိခိုက်မှုရှိမရှိတော့ မသိဘူး ခဏကဖြတ်သွားတော့ ဘယ်သူမှ မရှိဘူး။ ဗုံးပေါက်ကွဲတာ အိမ်ခေါင်မိုးအထိတောင် စင်တယ်”ဟု မြို့ခံက ပြောသည်။
ပေါက်ကွဲသည့်နေရာသို့ စစ်ကောင်စီရဲများ လာရောက် စစ်ဆေးနေကြောင်း သိရသည်။
မတ်လ ၃၁ရက်နေ့ညတွင်လည်း မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ CCTV စက် မိုင်းဖောက်ခွဲခံရပြီးအနီးရှိ နေအိမ်များတွင် မိုင်းစများ ထိမှန်ခဲ့သည်။ ကချင်ပြည်နယ် ဖားကန့်မှာလည်း သင်္ကြန်ရေကစားသူ မရှိဘူးကြောင်း သိရပါသည်။