ဖားကန့်မှာ ရဲကင်းဗုံးခွဲခံရပြီး ရဲ ၃ဦးဒဏ်ရာရ
11 April 2022-Kachinwaves
ကချင်ပြည်နယ် ဖားကန့်မြို့ ဥရုရတနာကျောက်စိမ်းတံတားကို လုံခြုံရေးယူထားသည့် စစ်ကောင်စီရဲကင်းအား ဧပြီ ၁၀ရက်နေ့ည ၁၀ နာရီခန့်တွင် ဖားကန့် PDF က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲသုံးဦး ထိခိုက်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။
“အဲ့မှာ ရဲတွေက တံခါးပိတ်မလို့ လုပ်နေတဲ့အချိန် PDF တွေ ဗုံးလာဖောက်ပေးကြတာ ရဲသုံးယောက်ထိသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဗုံးဖောက်ခွဲခံရသည့်နောက် စစ်ကောင်စီရဲများက သေနတ် ၁၀ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
မတ် ၂၆ ရက်နေ့တွင်လည်း ဖားကန့်မြို့နယ်စုပေါင်းရုံးနှင့် ကပ်လျက်ရှိသည့် မြို့နယ်စည်ပင်သာယာရုံးအထဲ ပါဆယ်ဗုံး ပေါက်ကွဲမှုဖြစ်ပြီး စည်ပင်ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
မတ်လ ၂၄ရက်နေ့တွင် ဖားကန့်မြို့ရဲစခန်းရှေ့၌ ချိန်ကိုက်ဗုံး ပေါက်ကွဲခဲ့ပြီး ရဲနှစ်ယောက် ဒဏ်ရာရရှိခဲ့သည်။