KNC ဥက္ကဌ ဒေါက်တာအမ်ကောန်လ ပုဒ်မ ၅၀၅ ဖြင့် မြစ်ကြီးနားတွင် ထပ်မံတရားစွဲခံရ
31 March 2022 – Kachinwaves
ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC)ဥက္ကဌ ဒေါက်တာအမ်ကောန်လကို မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းတွင်လည်း ထပ်မံအမူဖွင့်တရားစွဲထားကြောင်း သိရသည်။
မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းတွင် KNC ဥက္ကဌ ဒေါက်တာ အမ်ကောန်လကို ပုဒ်မ ၅၀၅ (က)ဖြင့် ပြန်လည်အမူဖွင့်ထားခြင်းဖြစ်ပြီး အမှုကိုရင်ဆိုင်ရန် ဧပြီလ သင်္ကြန်မတိုင်မီ အမှုကိုစတင် စစ်ဆေးလာနိုင်ဖွယ်ရှိကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရှိရပါသည်။ ၎င်းအမှုသည် ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၆ရက်နေ့တွင် ဖွင့်ဆိုထားသည့်အမှု ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ အမ်ကောန်လသည် ပုဒ်မ ၅၀၅ (က)ဖြင့် မတ်လ ၂၃ ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂နှစ် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူ ဖြစ်သည်။
ယခုပြန်လည်စွဲဆိုခံရသည့်အမှုအတွက် မည်သို့ဆောင်ရွက်သွားမည်ကို အသေးစိတ်မသိရသေးကြောင်း KNC ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဒေါက်တာအမ်ကောန်လသည် ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၅ရက်နေ့တွင် နေပြည်တော်ရှိ ၎င်း၏ဆေးခန်း၌ စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးခံရပြီး တရားစွဲဆိုခံရကာ လက်ရှိအချိန်တွင် ထောင်ဒဏ် ၂နှစ်ဖြင့် နေပြည်တော်တွင် အကျဉ်းကျခံနေရသူ ဖြစ်သည်။