ရှမ်းမြောက်မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်၊ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
30 March 2022-Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ(၄) တပ်ရင်း(၈)နေရာ နမ့်မတူမြို့နယ် ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူတစ်ရာကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။
ယမန်နေ့ မတ်လ ၂၉ ရက်နေ့ ညနေ ၂ နာရီခန့်တွင်လည်း နမ့်မတူမြို့နယ် ကောင်ရာကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းကျေးရွာမှ ပြည်သူ ၁၀၀ ကျော် တောတောင်များသို့ ထွက်ပြေးပုန်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ကျေးရွာမှ အမျိုးသား ၄ ဦးကိုလည်း စစ်ကောင်စီတပ်က လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်း သိရသည်။
ယနေ့နေ့လယ်ခန့်မှာလည်း တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယခုတိုက်ပွဲဖြစ်ပွားရာဒေသသို့ စစ်ကောင်စီ စစ်ကြောင်းထိုးလာသည်မှာ ၃ ရက်လောက်ရှိပြီဖြစ်ကြောင်းလည်း ဆိုသည်။