နေအိမ်မီးလောင်ပျက်စီးခံရတဲ့ ဆွမ်ပီယာန်က မိသားစု ၇ စု ရွာပြန်လာပေမယ့် အခက်အခဲနဲ့ ကြုံတွေ့နေရ
28 March 2022 – Kachinwaves
ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာတွင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ် ၃လုံးနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မီးလောင်သွားတဲ့ နေအိမ် ၄လုံးရှိခဲ့ရာ အခုအချိန် ၎င်းနေအိမ်ပိုင်ရှင်မိသားစုများ ရွာပြန်လာပေမယ့် အခဲအခက်နဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ဆွမ်ပီယာန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ရွာသားများလည်း တောထဲသို့ ထွက်ပြေးပုန်းရှောင်ခဲ့ကြရာ ဘာသာရေးခေါင်းဆောင်များနဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များရဲ့ ညှိနှိုင်းပေးမှုကြောင့် မတ်လ ၂၃ ရက်နေ့တွင် နေရပ်ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။
“ရွာထဲပြန်လာကြပေမယ့် တချို့အဝတ်အစားလှဲစရာတောင်မရှိကြဘူး။ ဆပ်ပြာတွေလည်း လိုအပ်တယ်၊ အခက်ခဲဆုံးက နေအိမ်မီးလောင်ခံရတဲ့ မိသားစု ၇စုဖြစ်တယ်လို့” ဆွမ်ပီယာန်မှာရောက်ရှိနေတဲ့ မျက်မြင်တစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာ၊ အင်စီယာန်ရွာနဲ့ လုံရှာယာန်ကျေးရွာတို့မှ ပြည်သူများ တောထဲသို့ ၂ လနီးပါးပုန်းရှောင်နေရသလို တချို့ရွာသားများမှာ မြစ်ကြီးနားမြို့၊ ပူတာအိုမြို့များသို့ တိမ်းရှောင်သွားကြတာ ဖြစ်ပါတယ်။