နန်းမား စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရ
27 March 2022-Kachinwaves
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့ အနောက်ဘက်ရှိ စစ်ကောင်စီ အမြောက်တပ်မှ ယနေ့နံနက် ၃နာရီခန့်မှစပြီး ၄နာရီခွဲ အထိ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
နန်းမားမြို့ အနောက်ဘက်မှာရှိသော စစ်ကောင်စီအမြောက်တပ်က နန်းမားမြို့ နန့်ရင်းချောင်းရှိရာ အရှေ့အရပ်ကို ဦးတည်ပြီး ရမ်းသမ်းပစ်ခဲ့ရာ ဘုရားကြီးကွင်းကျေးရွာသို့ ကျရောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရွာထဲက အိမ်တစ်အိမ်ကိုပဲကျတာလို့ ပြောတယ်၊ ဆိုင်ကယ်တစ်စီးပျက်တယ်၊ မိန်းကလေးတစ်ယောက် ပေါင်ကိုထိတယ်၊ ဒဏ်ရာပြင်းတယ်၊ အသက်၂၀ ဝန်းကျင်ပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။
နန်းမားမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
မတ်လ ၂၄ရက်နေ့တွင်လည်း နန်းမားမြို့အနောက်ဘက်ရှိ စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီး အချက်ရေပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ပြည်သူများ ထိတ်လန့်ခဲ့ရသည်။