ဖုန်အိန်ယန် ရွှေလုပ်ကွက်အချို့ ဒဏ်ကြေးသတ်ခံရ
စည်းကမ်းချိုးဖောက်ပြီး တူးဖော်နေသည့် ဖုန်အိန်ခချောင်းရိုးတစ်လျှောက်မှ ရွှေလုပ်ကွက်ခုနှစ်ခုကို ကျပ်ဆယ်သိန်းစီ ဒဏ်ကြေးငွေအဖြစ်ဆောင်ခိုင်းထားသည်ဟု ကချင်ပြည်နယ် သတ္တုတွင်း ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးစောယုက ဆိုသည်။
“စာချုပ်ပါစည်းကမ်းအရ အာမခံကြေးပေါ့နော် အာမခံကြေးထက်မနည်းသောဆိုတဲ့ ပုဒ်မရှိတယ်ပေါ့ စီမံခန့်ခွဲရေးနည်းလမ်းဥပဒေ ပုဒ်မ ၂၈(ခ)အရ၊ ဆိုတော့ အဲမှာ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူရမယ်ဆိုတော့ အရေးယူလိုက်တယ်။ အရေးယူတဲ့ အခါမှာ အာမခံကြေးကတော့ ငါးသိန်းပဲသတ်မှတ်တာကိုး။ အသေးစားလုပ်ကွက် ဖြစ်တဲ့အတွက် ငါးသိန်းထက်မနည်းသောဆိုတော့ ဆယ်သိန်းဆောင်ခိုင်းတယ်။ ၇ကွက်၊ ခုနှစ်ခုပါပဲ။ ကုမ္ပဏီ ၇နှစ်ခုပေါ့ စည်းကမ်းဖောက်လို့”ဟု ဦးစောယုက ဆိုသည်။
ဒဏ်သတ်မှတ်ခံရသည့် လုပ်ကွက်များသည် ခွင့်ပြုဧရိယာကျော်လွန်ပြီး တူးဖော်ခဲ့သည့် လုပ်ကွက်ပိုင်ရှင်များဖြစ်သည်ဟု သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်၊ ဖုန်အိန်ယန်ဒေသတွင် လက်ရှိချပေးထားသော တရားဝင်ရွှေလုပ်ကွက် (၅၀)ဝန်းကျင်ရှိပြီး ထပ်မံလျှောက်ထားသည့် လုပ်ကွက်များလည်း ရှိသေးကြောင်း ဦးစောယုက ဆိုသည်။
တရားဝင်ချပေးထားသော ဖုန်အိန်ယန်ဘက်မှ အသေးစားရွှေတူးဖော်ရေးလုပ်ကွက်များကို အစိုးရ၊ လုပ်ငန်းရှင်နှင့် အရပ်ဖက်အဖွဲ့အစည်းများဖြင့် သုံးပွင့်ဆိုင်ဖွဲ့စည်းထားသော Sub-National Coordination Unit အဖွဲ့မှ ပြီခဲ့သည့် အောက်တိုဘာလ ဆယ်ရက်မှဆယ့်ငါးရက်ကြားတွင် ကွင်းဆင်းလေ့လာမှုပြုလုပ်ခဲ့သည်ဟု အရပ်ဖက်အဖွဲ့မှ ဦးမျိုးအောင်က ဆိုသည်။ EITI စံချိန်စံနှုန်းများနှင့် တရားဥပဒေအရ လုပ်ထုံးလုပ်နည်းများအရ လုပ်ဆောင်မှုရှိမရှိကို ကွင်းဆင်းလေ့လာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဦးစောယုကလည်း တရားမဝင် ပပျောက်ရေးအတွက် တရားဝင်လမ်းကြောင်းအတိုင်းဆောင်ရွက်ပြီး အခွန်လည်းရပြီး စည်းကမ်းတကျလည်း လုပ်မည်ဆိုသည့် ရည်ရွယ်ချက်၊ မူများနှင့်လုပ်ကြခြင်းဖြစ်၍ ဒေသခံများ၏ သဘောထားကိုလည်း တန်ဖိုးထားပါသည်ဟု ဆိုသည်။