ပူတာအိုမှ ကြိုတင်မဲထည့်သူ မဲဆန္ဒရှင်အချို့ မကျေနပ်
ပူတာအိုမြို့နယ်ရှိ မဲရုံအချို့တွင် ကြိုတင်မဲပေးရာ UEC စာသားမပါသည့် တံဆိပ်တုံး အသုံးပြုခြင်း၊ မိမိသဘောဆန္ဒ အတိုင်းမဟုတ်ပဲ မဲထည့်ခိုင်းခြင်းများရှိသည်ဟု မဲဆန္ဒရှင်များကဆိုသည်။
ပူတာအိုမြို့နယ် လုံးစွတ်ရပ်ကွက် မဲရုံ(၂၄)တွင် တာဝန်ရှိမဲရုံမှူးတစ်ဦးက တစ်စုံတစ်ရာမေးမြန်းခြင်းမရှိဘဲ ၎င်း၏ မဲလက်မှတ်တွင် တံဆိပ်ထုပေးပြီး မဲဆန္ဒရှင်၏ဆန္ဒအတိုင်းမဟုတ်ပဲ မဲထည့်ခိုင်းကြောင်း မဲဆန္ဒရှင် ဒေါ်အားခူ ကဆိုသည်။
“သေချာလေး မမြင်ရဘူးလို့ပြောလိုက်တော့ မဲရုံအထဲကို ခေါ်သွားပြီး အဒေါ်ဘယ်သူ့ကို ထည့်မှာလဲတောင်မမေးဘူး။ မဲစာရွက်ကို သူကိုင်ထားပြီးတော့ စာရွက်လေးခုလုံးကို သူ့စိတ်ကြိုက်ထည့်လိုက်တာ အဖွားထည့်ချင်တဲ့ပါတီတောင် မထည့်လိုက်ရဘူး။”ဟု ဒေါ်အားခူကဆိုသည်။
နိုဝင်ဘာ(၂)ရက်နေ့က ဂျူဗလီကျေးရွာရှိ မဲရုံအမှတ်(၃၀) တွင်လည်း ကြိုတင်မဲပေးရာ အမှန်ခြစ်သာပါပြီး UEC စာသားမပါသည့် တံဆိပ်တုံးဖြင့် ထုခိုင်းခဲ့သည်ကို နောက်မှ သိရ၍ မကျေနပ်ကြောင်း ဒေသခံများပြောဆိုနေကြသည်။
“ဆန္ဒပြုခန်းသွားတော့ လိုက်လာပြီး တံဆိပ်တုံး နှစ်ခုလာပေးတယ်။ အဲချိန်တော့ တံဆိပ်တုံးက အမှန်ခြစ်ပါရင် မှန်တယ်ထင်တာပေါ့။ ရွာထဲက ဆရာမတစ်ယောက်ကို မေးလိုက်တော့ UEC မပါရင်တော့ ပယ်မဲဟုတ်တယ် ပြောတော့ ဟိုမှာ နှစ်ခုထားထားတယ်ဆိုတော့ တစ်ခုက အတုလို့ ကျွန်တော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တာဝန်ခံက ဆန္ဒပြုနေတဲ့ အခန်းကပ်မှာပဲ လာရပ်နေတော့ တကယ်ဆိုရင် ဆန္ဒပြုတဲ့အခန်းမှာ ကပ်ရပ်လာမရပ်သင့်ဘူးလို့ထင်တယ်”ဟု ဂျူဗလီဒေသခံဦးချန်းဖုန်ရမ်က ပြောသည်။
ပူတာအိုမြို့နယ် ဂျူပလီရွာတွင် အသက်၆၀နှစ်အထက် ကြိုတင်မဲပေးရာတွင် အသက်၆၀မကျော်လည်း ထည့်ခိုင်းပြီး ကြိုတင်မဲလာထည့်သူများကို စုံစမ်းစစ်ဆေးခြင်းမရှိဘဲ စိတ်ကြိုက်ကြိုတင်မဲပေးခိုင်းသည်ဟု ဒေါ်ထမူခူရ်နှင့် ဒေါ်ထီမားတန်က ပြောသည်။
ပူတာအိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးနော်လွန်းသည် ယခုလိုကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ ဘာသတင်းမှ မကြားသေးကြောင်းဆိုသည်။
“အဲ့ဒီမှာတော့မရှိဘူးနော် အဲ့ဒါတော့မကြားဘူး။ ကျွန်တော်တို့ဆီမှာ ဘာမှတက်မလာဘူး”ဟု ဦးနော်လွန်းကဆိုသည်။
နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်၆၀နှင့်အထက် မဲဆန္ဒရှင်များကို ကြိုတင်မဲထည့်စေခြင်းကို ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွင် အောက်တိုဘာ ၂၉ရက်နေ့မှ စ၍ ကောက်ခံလျှက်ရှိပါသည်။