KSPP သည် USDP နှင့် မဟာမိတ်ဖွဲ့မည့်ပါတီဖြစ်ကြောင်း ဝန်ကြီးချုပ်ပြောဆိုခဲ့ဟုဆို
ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် မဟာမိတ်ဖွဲ့မည့် ပါတီဖြစ်သည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဆွမ်ပရာဘွမ်တွင် ပြောဆိုခဲ့သည်ဟု ဘာသာရေးခေါင်းဆောင်အချို့ကဆိုသည်။
အောက်တိုဘာလ ၂၄ရက်နေ့ညတွင် ဆွမ်ပရာဘွမ်ရိပ်သာကုန်း၌ ဘာသာရေးခေါင်းဆောင်များနှင့် ည ၇နာရီမှ ၁၀ နာရီကြား တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်ဟုဆိုကြသည်။
“KSPPနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဟာမိတ်ဟုတ်တယ်။ မဟာမိတ် ဖြစ်တဲ့အတွက် NLD က အရေးကြီးတယ်။ ဖွဲ့စည်းပုံပြင်ဖို့က အန်အယ်ဒီရဲ့လက်ထဲမှာရှိတယ်။ သူဆိုလိုတာက ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့အတူတူဆိုတော့ (ဖွဲ့စည်းပုံ)ပြင်မှာ မဟုတ်ဘူးဆိုတဲ့သဘော။”ဟု ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာ၌ ပါဝင်ခဲ့သူ ဘာသာရေးဆရာတစ်ဦးကဆိုသည်။
NLD အစိုးရအနေနဲ့ ဆွမ်ပရာဘွမ်မြို့နယ်ကို အားစိုက်ပြီးလုပ်ဆောင်ကြောင်း၊ လမ်း၊ အဆောက်အဦးများ ဆောက်လုပ်ခဲ့ပြီး၊ ရေအတွက်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သလို ဆွမ်ပရာဘွမ်မြို့နယ်အတွက် ဘတ်ဂျက်များကိုလည်း ချမှတ်ထားကြောင်း၊ NLD ကို မဲထည့်လျှင်မမှားဘူး ဆိုသည့်အကြောင်းများကိုလည်း ပြောဆိုခဲ့သည်ဟုဆိုကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ၎င်းအနေနဲ့ KSPP နှင့် USDP ပါတီ နှင့်ပတ်သက်သည့် ပြောဆိုမှုများ မရှိခဲ့ကြောင်း Kachin Waves ကို ဖြေကြားခဲ့သည်။
“ညကျရင် ဘာသာရေးဆရာတစ်ချို့နဲ့တွေ့တယ်။ တွေ့တဲ့အခါကျတော့ သူတို့က မေးတယ်လေ။ KSPP ကိုထည့်ရင် ဘယ်လိုဖြစ်မလဲ။ NLD ကိုထည့်ရင်တော့ ဘယ်လိုဖြစ်မလဲ။ ဆိုတဲ့ဟာမျိုးမေးတော့။ KSPP ကိုထည့်ရင် အစိုးရဖွဲ့လို့ မရဘူး။ အလွန်ဆုံးမှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မယ်။ ဒီဟာပဲပြောပြတာပါ။ NLD ကတော့ လက်ရှိအစိုးရလည်းဖြစ်တယ်။ NLD ကိုထည့်ရင်တော့ အောက်ပြည်အောက်ရွာမှာရော တစ်နိုင်ငံလုံးနိုင်ရင် အစိုးရပြန်ဖွဲ့လို့ရမယ်။ ဒါပဲနော် ဘာရှည်ရှည်ဝေးဝေးမှမပြောဘူး။ အမှန်အတိုင်းပြောတာ။”ဟု ဝန်ကြီးချုပ်ကဆိုသည်။
KSPP က USDP ထံမှ အထောက်အပံ့ယူထားသည်ဟု ပြောဆိုခြင်းလည်း လုံးဝ မပြောခဲ့ကြောင်း ဒေါက်တာခက်အောင်က ဆိုသည်။
ဝန်ကြီးချုပ်နှင့်တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် ဘာသာရေးဆရာ ၄ဦးခန့်ကို Kachin Waves မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ အားလုံးက ဝန်ကြီးချုပ်မှ ကချင်ပြည်နယ်ပြည်သူ့ပါတီနှင့် USDP ပါတီတို့နှင့် ပတ်သက်သည့် သတင်းစကားများအကြောင်း ပြောဆိုခဲ့သည်ဟု ဖြေကြားခဲ့ကြသော်လည်း ၎င်းတို့၏ အမည်ကို မဖော်ပြလိုကြသောကြောင့် ဘာသာရေးဆရာများ၏ အမည်မဖော်ပြခြင်းဖြစ်သည်။
KSPP ပါတီသည် ပါတီများပူးပေါင်းထားသော ပြည်နယ်ပူးပေါင်းပါတီများနှင့် အတူတကွလက်တွဲဆောင်ရွက်မှုများရှိသော်လည်း အခြားပါတီများနှင့် အတူပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း ထုတ်ပြန်ချက်တစ်စောင်လည်း ပြီးခဲ့သည့်လတွင် ထုတ်ပြန်ခဲ့သည်။ ၎င်းပါတီသည် ဆော့လော်မြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂)နေရာနှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂နေရာကလွဲလျှင် ကျန်သည့် (၆၇)နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည့် ကချင်ပူးပေါင်းပါတီဖြစ်သည်။