ပိုးတွေ့ခဲ့သည့် KBZ ဘဏ် (၁) ဝန်ထမ်း customer များနှင့် ထိတွေ့မှုမရှိဟုဆို
မြစ်ကြီးနားမြို့ရှိ KBZ ဘဏ် (၁) ဝန်ထမ်း ပိုးတွေ့လူနာသည် ဝန်ဆောင်မှုလာရောက်ယူသည့် customer များနှင့် ထိတွေ့မှုမရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်သည်။
ပိုးတွေ့လူနာနှင့်အတူထိတွေ့ခဲ့ပြီး အသွားအလာကန့်သတ်ထားသည့် KBZ ဘဏ် (၁) ဝန်ထမ်း (၉)ဦး၏ ပထမအကြိမ် ဆေးစစ်ချက်လည်း ပိုးမတွေ့ရှိ အဖြေထွက်ကြောင်း ထုတ်ပြန်ခဲ့သည်။
မြစ်ကြီးနားမြို့ရှိ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း၌ COVID-19 ပိုးတွေ့ရှိမှုနှင့် ပတ်သက်၍ ထိတွေ့သူများ ရှာဖွေဖော်ထုတ်မှုအခြေအနေ
• (၁၈-၁၀-၂၀၂၀) ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ KBZ ဘဏ် (၁)တွင် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးဝန်ထမ်းတစ်ဦး၌ ပိုးတွေ့ရှိ (တွေ့ရှိ) ခဲ့ကြောင်းဖော်ပြခဲ့ပြီးဖြစ်ပါသည်။
• အဆိုပါလူနာ၏ အမျိုးသားဖြစ်သူသည် မြစ်ကြီးနား၊ ကားကြီးဝင်း၌ အလုပ်လုပ်ကိုင်သူဖြစ်ပြီး ပိုးတွေ့သူ ယာဉ်မောင်းတစ်ဦးနှင့် ထိတွေ့မှုရာဇဝင်ရှိခဲ့ပါသည်။
• အဆိုပါလူနာသည် (၁၇-၁၀-၂၀၂၀) ရက်နေ့မှစတင်၍ အနံ့ပျောက်သဖြင့် (၁၈-၁၀-၂၀၂၀) ရက်နေ့၌ COVID-19 RDT ဖြင့် စစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။
• အဆိုပါလူနာသည် မြစ်ကြီးနား KBZ ဘဏ် (၁)တွင် ဌာနတွင်းဆိုင်ရာ ရုံးလုပ်ငန်းများ ထမ်းဆောင်ရသူဖြစ်ပြီး ဝန်ဆောင်မှုလာရောက်ယူသည့် Customer များနှင့် ထိတွေ့မှု မရှိဘဲ ၎င်းနှင့်အတူတူ တာဝန်ထမ်းဆောင်နေသည့် ထိတွေ့သူဝန်ထမ်း (၉)ဦးသာရှိပြီး ၎င်းတို့ကို အသွားအလာကန့်သတ်ထားရှိ၍ COVID-19 RDT ဖြင့် စစ်ဆေးခဲ့ရာ ပထမအကြိမ် စစ်ဆေးမှုအဖြေအရ ပိုးမတွေ့ရှိ (မတွေ့ရှိ) ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
• ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအတိုင်း အထူးဂရုပြုနေထိုင်ရန်နှင့် လိုအပ်သလို ပူးပေါင်းပါဝင်ခြင်းဖြင့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်တားဆီးရာတွင် တတပ်တအားပါဝင်ကြရန် လေးစားစွာဖြင့် နှိုးဆော်တိုက်တွန်းအပ်ပါသည်။