ဖားကန့် မြေပြိုမှု ရေမဆေး လုပ်ကွက်ပိုင်ရှင် အချို့အား အရေးယူထား
ဖားကန့်မြို့နယ် ဝှေခါရွာရှိ ကျောက်စိမ်းလုပ်ကွက်မြေပြိုမှုကြောင့် တရားမဝင်ရေမဆေးလုပ်ကွက်ပိုင်ရှင်များကို ယခုရက်ပိုင်းအတွင်း လိုက်လံဖမ်းဆီးနေကြောင်း သတင်းရရှိသည်။
ဝှေခါမှော်တွင် အင်းခွဲပေးသူများ၊ ရေမဆေးသမားများကို အတင်းအကျပ်ခိုင်းသော ရေမဆေးလောပန်များနှင့် နာမည်ပေါက်နေသော လောပန်များကို အရေးယူ လုပ်ဆောင်နေသည်ဟု ကြားသိရကြောင်း ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေရှင်းမှ အတွင်းရေးမှူး ဦးနော်လောန်က ပြောသည်။
“ကျွန်တော်တို့ ဂွေခါ (ဝှေခါ)အခြေအနေကတော့ လောလောဆယ်ဆယ်တော့ ကျွန်တော်တို့ ဒီလောပန်တွေကို လိုက်ဖမ်းနေတယ်ဆိုတာတော့ အခုလောလောဆယ် နာမည်တော့ထွက်နေတယ်ပေါ့လေ၊ ပြောနေကြတယ်။ ဒါပေမဲ့ တစ်ယောက်နှစ်ယောက်ကို ဖမ်းတယ်၊ အရေးယူနေတယ်လို့တော့ ကြားသိရတယ်။”ဟု ဦးနော်လောန်က ပြောသည်။
ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝှေခါကျောက်စိမ်းမှော်၌ ရေမဆေးလောပန်များအား ဖမ်းဆီးနေသည့်အခြေအနေကို သတင်းတင်ပြလာခြင်းမရှိသေး၍ သေချာမသိရှိကြောင်း ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောသည်။
“ကျွန်တော်တို့ကတော့ ဘာမှတော့ ကျွန်တော်တို့မသိဘူးလေ ဖြစ်စဉ်ပြီးတဲ့နောက်ပိုင်းမှ ကျွန်တော် နောက်ဆုံး ဒီမှာ မြစ်ကြီးနားမှာပဲ ကျွန်တော်တို့ရဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေတဲ့အချိန်ကျတော့ ကျွန်တော်တို့ အဲ့ဖားကန့်နဲ့ပတ်သသက်ပြီးမှတော့ သူတို့ အဲ့ဒါကတော့ အဲ့မှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေ သိမယ်၊ ရဲတပ်ဖွဲ့တွေသိမှာပေါ့လေ။”ဟု ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောသည်။
ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝှေခါကျောက်စိမ်းမှော်၌မြေပြိုမှု ဇူလိုင် ၂ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီးနောက် ရေမဆေးလောပန်အဖြစ် စုံစမ်းရရှိထားသူများကို လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး (၃)ဦး ဖမ်းဆီးခံထားရကြောင်း သိရပါသည်။
ဖားကန့်မြို့နယ်တွင် ဇူလိုင် ၂ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် လူသေအလောင်း (၁၇၀)ကျော် တွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။ သမ္မတမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကာ ၎င်းစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ဖားကန့်သို့ ကွင်းဆင်းစစ်ဆေးမှုများလည်းရှိခဲ့သည်။