SNU ဖွဲ့စည်းနိုင်ပြီဖြစ်သည့်အတွက် EITI စံနှုန်းနဲ့အတူ ပိုမို လုပ်ဆောင်နိုင်တော့မည်ဟု ဝန်ကြီးဆို
SNU အဖွဲ့ဖွဲ့စည်းနိုင်ပြီဖြစ်သည့်အတွက် တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိလာအောင်နှင့် တရားမဝင် တူးဖော်မှုများ နည်းလာအောင် ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်သည်ဟု ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးဒါရှီလဆိုင်း ပြောသည်။
ကချင်ပြည်နယ် သုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (Sub-National Coordination Unit-SNU)သည် အစိုးရ၊ လုပ်ငန်းရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းတို့ပူးပေါင်းပြီး၊ မြန်မာနိုင်ငံတွင် သဘာဝသယံဇာတများ ထုတ်ယူရာတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ တာဝန်ခံမှုအတွက် လိုက်နာရန် သတ်မှတ်ထားသော နိုင်ငံတကာ စံနှုန်းဖြစ်သည့် EITI (Extractive Industry Transparency Initiative)၏ လုပ်ငန်းစဉ်များကို လက်တွေ့ အကောင်အထည်ဖော်မှု အဖွဲ့လည်းဖြစ်သည်။
“ကျွန်တော်တို့ SNU ပေါ်လာတာဟာ ကျွန်တော်တို့ နိုင်ငံအတွက် ကျွန်တော်တို့ ပြည်နယ်အတွက် အများကြီးကောင်းတယ်။ နောက်ပြီး ခဏပြောသလိုပဲ အခုလိုတရားမဝင် ဆောင်ရွက်တဲ့၊ နောက်ပြီးကြတော့ လုပ်ငန်းတွေလည်း နောက်နောင်တွေမှာတော့ နည်းထက်နည်းလာမယ်။ ရှိခဲ့ရင်လည်း ပြည်သူတွေအတွက်ကလည်း SNUနဲ့ ချိတ်ဆက်လိုက်တာနဲ့ SNUကလည်း သက်ဆိုင်ရာဌာနတွေကို ကျွန်တော်တို့အနေနဲ့က ဒီလုပ်ငန်းစဉ်တွေ ဘယ်လိုရှိတယ်ဆိုတာဟာကို လမ်းညွှန်ပြီးမှ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက်လည်း အများကြီးအခွင့်အလမ်းလာမှာဖြစ်ပါတယ်”ဟု ဝန်ကြီးဦးဒါရှီလဆိုင်းက ပြောသည်။
SNU ဖွဲ့စည်းလိုက်သည့်အတွက် မြန်မာနိုင်ငံတော်အတွင်း၌ ထွက်ရှိနေသော သဘာဝသံယဇာတနှင့် ပတ်သတ်၍ အခွန်ပေးဆောင်မှုများကို ပြည်သူများအား တိတိကျကျ ပိုမိုဖော်ပြလာနိုင်မည်ဖြစ်ကြောင်းလည်း ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောသည်။
ကချင်ပြည်နယ်သထ္ထုလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဖြစ်ပြီး SNU အဖွဲ့ ပုဂ္ဂလိကကဏ္ဍမှ အရန်ကိုယ်စားလှယ် ဦးဝင်းမြင့်ဆွေကလည်း ကုမ္ပဏီဆိုင်ရာ လုပ်ငန်းစဉ်များဘက်မှ လက်တွေ့အကောင်အထည် ဆောင်ရွက်မှုများ အဆင်ပြေစေရန် တာဝန်ယူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။
“အစိုးရ၊ အရပ်ဘက်လူမူအဖွဲ့အစည်းများနှင့် အပြည်အဝပူးပေါင်းဆောင်ရွက်ရန် ကျွန်တော်တို့က ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ပုဂ္ဂလိက ကဏ္ဍအနေနဲ့ပြီးမှ နောက်ပြီး သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့က ဆုံးဖြတ်ချက်နဲ့အညီ နိုင်ငံတစ်ကာEITIရဲ့အဖွဲ့မှ အတည်ပြုထားသော အစီရင်ခံစာပုံစံအရ မိမိတို့က အစိုးရတို့ ပေးဆောင်ရမယ့် အခွန်ဘဏ္ဍာများကို ဆက်စပ်သတင်းအချက်အလက်များကို မှန်ကန်မြန်ဆန်စွာ ထုတ်ပြန်သွားရန် ထုတ်ပြန်ပေးနိုင်ရန် ကျွန်တော်တို့ကနေပြီးမှ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ကချင်ပြည်နယ်သတ္တလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်ဆွေက ပြောသည်။
ကချင်ပြည်နယ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ကို ၂၀၂၀မတ်လ ၄ရက်နေ့တွင် အစိုးရကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍနှင့် အရပ်ဖက်လူမူအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားပြီ covid-19 ရောဂါများကြောင့် လုပ်ငန်းများရပ်ထားရပြီး ၂၀၂၀ သြဂုတ်လမှစ၍ လုပ်ငန်းခွင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ပညာပေးလုပ်ငန်းစဉ်များကို ဆက်တိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဦးဒါရှီ လဆိုင်းကပြောသည်။
အစိုးရအဖွဲ့များလည်း ပါဝင်သည့်အတွက် စည်းကမ်းလိုက်နာခြင်းမရှိလျှင်၊ ဥပဒေချိုးဖောက်ခြင်းများရှိလာလျှင်လည်း အရေးယူနိုင်မည်ဖြစ်သည်ဟု ဝန်ကြီးဦးဒါရှီလဆိုင်းက ပြောသည်။
ကချင်ပြည်နယ်သည် ကျောက်စိမ်းတူးဖော်သည့် ဖားကန့်၊ သတ္တုလုပ်ငန်းများတူးဖော်သည့် ချီဖွေမြို့နယ် သာမက ရွှေတူးဖော်သည့် ဒေသများပေါများသည့် ပြည်နယ်လည်းဖြစ်သည်။ ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသတွင်လည်း ဧက(၃) သိန်းအား သတ္တုတူးဖော်ရန်ပြင်ဆင်နေမှုများလည်းရှိသည်။