ယနေ့နေ့လည်ပိုင်းမှ ညနေပိုင်းအထိတွေ့ရှိရသော ပြည်တွင်း Covid-19 သတင်းကောက်နုတ်ချက်အချို့။ ပိုးတွေ့ရှိသူများနှင့်ဆက်စပ်သည့်သတင်းများ။
တီးတိန်မြို့က COVID-19 လူနာနှင့်အတူ လေယာဉ်စီးခဲ့သူများကို နေအိမ်တွင်စောင့်ကြည့်နေ။ (DVB TV News)
“လက်ရှိအခြေအနေမှာတော့ ကလေးမြို့မှာ တီးတိန်က Positive လူနာနဲ့ ပတ်သက်ပြီးတော့ ကလေးမြို့မှာ သုံးလေးရက်လောက် နေထိုင်သွားလာတဲ့အတွက် ကလေးမြို့မှာတော့ တိုးပြီးတော့ ရောဂါကာကွယ်ရေးအတွက် အဘက်ဘက်က တိုးလုပ်နေတယ်” ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီးကို မီဒီယာများကတွေ့ဆုံးမြန်းထားခြင်းဖြစ်ပါသည်။ (Mizzima – News in Burmese)
COVID-19 ရောဂါထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းများအတွက် ဆန္ဒအလျောက် အဆိုပြုလာသော ဆရာဝန်များကို ချင်းပြည်နယ် တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ဝေဘာဂီအထူးကုဆေးရုံကြီးတို့တွင် မတ်လ ၂၄ ရက် နေ့လည်ပိုင်းနှင့် ၊ ယနေ့ မတ်လ ၂၅ ရက် မှစ၍ တွဲဖက်တာဝန်ချထားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ (The Standard Time Daily)
ချင်းပြည်နယ် တီးတိန်မြို့နယ်က COVID – 19 ပိုးတွေ့ လူနာဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ မှာ ၃ ရက်တာ နေထိုင်သွားတဲ့အတွက် ရောဂါကာကွယ်တားဆီးရေး အရှိန်တိုးမြင့် လုပ်ဆောင်နေပေမယ့် မြို့ကို လုံးဝပိတ်ပြီး Lockdown ချလိုက်တာမျိုး မဟုတ်ကြောင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခေါ်) ဒေါ်ရှားမီးက ပြောပါတယ်။ (The Irrawaddy – Burmese Edition)
လက်ရှိမြန်မာနိုင်ငံတွင်ပိုးတွေ့ရှိထားသူ (၃)ဦးရှိပြီး ၎င်းတို့နင့်အတူခရီးသွားမိသောခရီးသည်များကို စစ်ဆေးစောင့်ကြည့်မှုများပြုလုပ်ပြီး ၎င်းတို့သွားခဲ့သည့် လမ်းကြောင်းများကိုလည်း ကာကွယ်မှုတိုးမြင့်ဆောင်ရွက်နေသည့်သတင်းများပါရှိသည်။
Covid-19 နှင့် စစ်ရှောင်များ။
COVID-19 ကာကွယ်ရေးအတွက် ကချင်ပြည်နယ်ရှိ မိုင်းနား KBC စစ်ရှောင် စခန်းမှ အဝေးရောက်နေသည့် စစ်ရှောင်များကို မတ်လကုန်ပြီးနောက် စခန်းအတွင်းသို့ ဝင်ခွင့်ပြုတော့မည်မဟုတ်။ (Myitkyina News Journal)
ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ နေစဉ်နှင့်အမျှ တိုးလာနေသည့်အတွက် စစ်ဘေးရှောင်စခန်းများတွင် COVID-19 ဖြစ်ပွားလာမည်ကို လွန်စွာစိုးရိမ်မိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောကြားခဲ့သည်။ (Eleven Media Group)
Internet ဆက်သွယ်ရေးဖွင့်ပေးရန်တောင်းဆို။
ရခိုင်ပြည်နယ်က အင်တာနက်ဖြတ်တောက်ခံရတဲ့ မြို့နယ်တွေမှာ COVID-19 နဲ့ပတ်သက်တဲ့ သတင်းမှန်ရရှိဖို့အတွက် အစိုးရအနေနဲ့ အင်တာနက်ပြန်ဖွင့်ပေးဖို့ အပစ်ရပ်လက်မှတ်ထိုး အဖွဲ့တစ်ခုဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ( ALP )က တိုက်တွန်းလိုက်ပါတယ်။ (7Day News Journal)
စီးပွားရေးနှင့် Covid-19
လတ်တလော ဖြစ်ပွားနေသည့် COVID – 19 ကြောင့် အခွန်ငွေရရှိမှု လျော့နည်းနိုင်ပြီး နိုင်ငံ့စီးပွားရေးအတွက် အစိုးရ၏ ရငွေပိုင်းများစွာ စိုးရိမ်စရာဖြစ်နေကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ယမန်နေ့ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးသည်။ (7day News)
ဗဟိုဘဏ် အတိုးနှုန်းကို ဒုတိယအကြိမ်အဖြစ် ၁ ရာခိုင်နှုန်း ထပ်မံလျှော့ချလိုက်တယ်လို့ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ယခု လျှော့ချလိုက်တဲ့ ပမဏာဟာ ၉ ဒသမ ၅ ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပြီး ပထမအကြိမ်ဖြစ်တဲ့ မတ်လ ၁၆ ရက်နေ့ကတော့ အတိုးနှုန်း ၀ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချခဲ့တာပါ။ (7day News)
ပြည်တွင်းဘဏ်တွေက ဘယ်လိုအခြေအနေမှာမဆို ပြည်သူတွေကို ငွေထုတ်ပေးခြင်းအပါအဝင် နေ့စဉ်ပုံမှန် ဝန်ဆောင်မှုလုပ်ငန်းတွေကို ဘဏ်ဖွင့်ရက်အတိုင်း ဆက်လက်ဆောင်ရွက်သွားရမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာပါတယ်။ ငွေထုတ်စက် ATM တွေမှာ အချိန်မရွေး ငွေမပြတ်ထုတ်ယူနိုင်ရေး စီစဉ်ထားရှိရမယ်လို့ ဗဟိုဘဏ်က ညွှန်ကြားထားပါတယ် ။(7day News)
ရှမ်းပြည်နယ်အတွင်းရှိ ကေတီဗီနှင့် ကလပ်များ ပိတ်သိမ်းရန် ပြည်နယ် အစိုးရအဖွဲ့ညွန်ကြားထားသည်။ (Golden Triangle Regional News)
Covid-19 နှင့် သတင်းမှား။
မြစ်ဆုံဟိုတယ်အမည်ဖြင့် ၂၄.၃.၂၀၂၀ ရက်နေ့မှ စပြီး Online Messenger မှ အသံဖိုင်များပို့နေသော အမျိုးသမီး၏ အသံဖိုင်မှာ ပြည်သူလူထုကို ထိတ်လန့်ဖြစ်စေရုံသာမက မြစ်ဆုံဟိုတယ်ကိုပါ ထိပါးပုတ်ချသော သတင်းမှားဖြစ်။ (Myitkyina News Journal)
ဥပဒေဖြင့်အရေးယူနိုင်ကြောင်းပြော။
COVID – 19 ရောဂါနှင့် ပတ်သက်ပြီး ဆိုရှယ်မီဒီယာများတွင် သတင်းတု၊ သတင်းမှားများ၊ ကောလာဟလများရေးသားဖြန့်ဝေနေခြင်းကို မပြုလုပ်ကြပါရန်နှင့် တွေ့ရှိပါက သတင်းမီဒီယာဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာကောင်စီမှ အသိပေးချက်ထုတ်ပြန်။ (The Standard Time Daily)
COVID-19 ရောဂါ မပျံ့နှံ့စေဖို့အတွက် သီးသန့်စောင့်ကြည့်တာကို ရှောင်လွှဲတာဟာ နိုင်ငံနဲ့နိုင်ငံသားတွေအပေါ် သစ္စာဖောက်တာဖြစ်ပြီး ဥပဒေအရ ထောင်ဒဏ်ရော၊ ငွေဒဏ်နဲ့ပါ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။ (DVB TV News)
Covid-19 နှင့် ရပ်ဆိုင်းမှုများ
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ယနေ့မှစ၍ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း လွှတ်တော်ဥက္ကဌက ယခုလ ၂၄ ရက်နေ့ (မနေ့က) လက်မှတ်ရေး ထိုး ထုတ်ပြန်လိုက်ပါတယ်။ (Golden Triangle Regional News)
ကမ္ဘာတစ်ဝန်း COVID-19 ရောဂါဖြစ်ပွားမှု မြင့်တက်လာနေခြင်းကြောင့် တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲများအား ရွှေ့ဆိုင်သွားမည်ဖြစ်။ (MRTV)
နိုင်ငံတွင်းဖြစ်ပွားနေသည့် Covid-19 ရောဂါပိုးကို ကာကွယ်တားဆီးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တရားရုံးများတွင် အမှုစစ်ဆေးကြားနာမှုကို မတ် ၃၀ ရက်မှ ဧပြီ ၃၀ ရက်အထိ တစ်လတိတိ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။ (The Myanmar Times Daily Newspaper – Myanmar Version)
အကျဉ်းထောင်ဧည့်တွေ့လျှော့ချ
ရောဂါပြန့်ပွားမှုထိန်းချုပ်နိုင်ရေးလုပ်ဆောင်ချက်တစ်ခုအဖြစ် မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်/စခန်းများတွင် ထောင်ဝင်စာတွေ့ရာတွင် လူဦးရေလျော့ချ ကန့်သတ်မှုများ ပြုလုပ်လာခဲ့သည်။ (Mizzima – News in Burmese)
စိုးရိမ်မှုများ။
COVID-19 ကူး စက်မှု ရာထောင်ချီဖြစ်ပေါ်စေ နိုင်သည့် ဘာသာရေးပွဲများ ယာ ယီရပ်နားထားနိုင်ရေး ကူညီ ဆောင်ရွက်ပေးရန် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး ဝင်းကဘာသာရေးခေါင်းဆောင် များထံ မေတ္တာရပ်ခံသည်။ (The Standard Time Daily)
လွဲမှားသွားသည့် အယူအဆ။
COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ သတင်းစကားတွေကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်က ကျေးရွာတချို့မှာ ရောဂါမကူးစက်အောင်ဆိုပြီး ကလေးလူကြီးမကျန် ဘိန်းရှူနေပါတယ်။ (VOA Burmese News)
မြန်မာတနိုင်ငံလုံး ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စောင့်ကြည့်/သံသယလူနာစာရင်း။
ရန်ကုန်တိုင်းဒေသကြီး (၉၄)၊ မန္တလေးတိုင်းဒေသကြီး (၄၁)၊ ရှမ်းပြည်နယ် (၄၁)၊ ရခိုင်ပြည်နယ် (၈)၊ ချင်းပြည်နယ်(၁)၊ ပဲခူးတိုင်းဒေသကြီး (၉)၊ မကွေးတိုင်းဒေသကြီး (၁၄)၊ ဧရာဝတီတိုင်းဒေသကြီး (၅)၊ ကရင်ပြည်နယ် (၅)၊ စစ်ကိုင်းတိုင်းဒေသကြီး (၂)၊ ကချင်ပြည်နယ် (၂)၊ ကယားပြည်နယ် (၁၁)၊ မွန်ပြည်နယ် (၁)၊ နေပြည်တော် (၅)။ (myanmar.mmtimes.com)
သတင်းမီးဒီယာများ၏ Facebook page စာမျက်နှာများတွင် တွေ့ရှိရသော Covid-19 သတင်းကောက်နုတ်ချက်အချို့ကို စုစည်းဖော်ပြခြင်းဖြစ်ပါသည်။
#Covid-19