၇နှစ်အတွင်း တိုက်ပွဲပေါင်း ၃၈၆၂ ကြိမ်ဖြစ်ပွားဟု ကေအိုင်အိုပြော
တစ်ကျော့ပြန် ကချင်စစ်ပွဲ (၇)နှစ်အတွင်း တပ်မတော်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲပေါင်း ၃၈၆၂ ကြိမ်ထိ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ၇နှစ်တာကာလတွင် တိုက်ပွဲကြိမ်ရေအများဆုံးသည် ၂၀၁၂ – ၂၀၁၃ ခုနှစ်အတွင်းဖြစ်ပြီး တိုက်ပွဲပေါင်း ၈၀၀ ခန့်အထိ ဖြစ်ပွားခဲ့ကြောင်း ကေအိုင်အို သတင်းရင်းမြစ်များအရ သိရသည်။ တပ်မတော်မှ လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ကေအိုင်အို ဌာနချုပ်အနီးသို့ ပစ်ခတ်ခဲ့သည့် ပစ်ခတ်မှုများပါဝင်သည်။
၂၀၁၈ ဇန်နဝါရီလမှ မေလအတွင်းတွင် တိုက်ပွဲပြင်းထန်းခဲ့၍ တိုက်ပွဲပေါင်း ၂၀၆ကြိမ်အထိဖြစ်ပွားခဲ့ပြီး မိုင်းထိသေဆုံးသူ (၁၃)နှင့် ဒဏ်ရာရသူ (၃၉)ယောက် ရှိခဲ့ကြောင်း ကေအိုင်အေ ဗိုလ်မှူးချုပ်တစ်ဦးကဆိုသည်။
ယခုနှစ်အတွင်း ကျေးရွာပေါင်း(၅၀)မှ ပြည်သူပေါင်း ၅၀၀၀ခန့်သည် စစ်ဘေးဒုက္ခသည်စခန်းများသို့ ထပ်တိုးတိမ်းရှောင် ခိုလှုံခဲ့ရသည်။
၂၀၁၁ ဇွန်လ ၉ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ကချင်ဒေသ တကျော့ပြန်စစ်ပွဲကြောင့် ပြည်သူတစ်သိန်းကျော်သည် စစ်ဘေးဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည်။